×

Warning

JUser: :_load: Unable to load user with ID: 540


ကျင်စန်းကျော့-ဝမ်တိန်ဂိတ် ကုန်သွယ်ရေး ပြန်လည်အားကောင်းလာ

ကျင်စန်းကျော့-ဝမ်တိန်ဂိတ် ကုန်သွယ်ရေး ပြန်လည်အားကောင်းလာ

 

ကျင်စန်းကျော့-ဝမ်တိန်ဂိတ်အား မေလ ၁၆ ရက်နေ့မှ စ၍ မြန်မာကုန်တင်ယာဉ်များ တရုတ်နိုင်ငံဘက်သို့ ဝင်ထွက်ခွင့်ရရှိလာသောကြောင့် ကုန်သွယ်ရေး ပြန်လည်အားကောင်းလာခဲ့ကြောင်း မူဆယ်ကုန်စည်ဒိုင်အသင်း ဥက္ကဋ္ဌ ဦးမင်သိန်းက ဆင်ဟွာသို့  ပြောကြားခဲ့သည်။

 

ဦးမင်းသိန်းက “မေလ ၁၆ ရက်နေ့ကစပြီးတော့ မြန်မာနိုင်ငံက မြန်မာလိုင်စင်နဲ့ ကားတွေကို အစားထိုးယာဉ်မောင်းစနစ်နဲ့ တရုတ်ပြည်ထဲကိုတိုက်ရိုက်ဝင်ခွင့်ပြုတယ်။ တရုတ်ပြည်ကလည်း တိုက်ရိုက်ထွက်ခွင့်ပြုတယ်။ ယာဉ်မောင်းကတော့ အစားထိုးယာဉ်မောင်းပေါ့။ မြန်မာပြည်ဘက်က ကားတွေ တိုက်ရိုက်ဝင်ခွင့်ရတော့ စရိတ်စကအရမ်းသက်သာသွားတယ်။ အရင်က ဆန်အိတ် ၁၀၀၀ လောက်တင်တဲ့ကားဆိုရင် ကျပ်သိန်း ၁၀၀ လောက် ကုန်ကျစရိတ်ရှိတယ်။ အခုက မြန်မာဘက်က ကားတွေ ဝင်ခွင့်ရတော့ ကျပ် ၁၀ သိန်းလောက်ပဲ ကုန်တော့တယ်’’ ဟု ပြောသည်။

 

ယင်းကဲ့သို့ စရိတ်စက သက်သာလာသည့်အတွက် ကုန်သည်များအနေဖြင့် အကျိုးအမြတ်ရှိလာကြောင်း၊ ကုန်ကားများ တန်းစီစောင့်ရခြင်းလည်း မရှိတော့ကြောင်း ၎င်းကဆိုသည်။

 

“ကုန်ကားတွေက ၁၀ ရက်၊ ၁၅ ရက်စောင့်ရတာတွေ မရှိတော့ဘူး။အဝင်အထွက်မြန်ဆန်သွားပြီ။ စရိတ်စကတွေ သက်သာသွားတဲ့အတွက် မြန်မာနိုင်ငံအောက်ပိုင်းကနေ ပဲတီစိမ်းတွေတင်တယ်။ ရာဘာတွေတင်တယ်။ ကြက်သွန်နီတွေတင်တယ်။ ငရုပ်သီးစိမ်းတွေတင်တယ်။ မေ ၁၆ ရက် နောက်ပိုင်းမှာ ကားအဝင်အထွက်တွေ များလာတယ်။ ကျင်စန်းကျော့ကုန်သွယ်ရေးဂိတ်က တဖြည်းဖြည်းနဲ့ ပြန်ပြီး အားကောင်းတိုးတက်လာမယ်လို့ ထင်ပါတယ်’’ ဟု၎င်းကဆက်ပြောသည်။

မေ ၁၆ ရက်မှစ၍ ကျင်စန်းကျော့ဂိတ် မှတစ်ဆင့် မြန်မာပို့ကုန်များ မော်တော်ယာဉ်ပြောင်းစရာ မလိုတော့သော်လည်း တရုတ်နိုင်ငံမှ အစားထိုးယာဉ်မောင်းများဖြင့်သာ မောင်းနှင်ရဦးမည်ဖြစ်ကြောင်း သိရသည်။ 

အသီးရောင်းချမည့် ကုန်သည်ပွဲစားများ တရုပ်ပြည်ဝမ်တိန် ကွင်းသို့ ဝင်ခွင့်ပြုတော့မည်ဖြစ်ပြီး ထို့အတွက်  Quarantine ၇ ရက် သို့မဟုတ် ၁၄ ရက် ဝင်ရမည်ဟု သိရသည်။

Read times
Rate this item
(0 votes)