×

Warning

JUser: :_load: Unable to load user with ID: 540


စားသောက်ကုန် တင်ပို့ဖို့ ကွန်တိန်နာများ ရှားပါးပြတ်လပ်နေပြီ အခက်အခဲကြုံနေရ

ကွန်တိန်နာ အလွတ်များကို ရောက်ရှိနေသည့် ဆိပ်ကမ်းမှ အာရှသို့ ပြန်လည်သယ်ဆောင်ဖို့ကို ဦးစားပေး လုပ်ကိုင်နေကြတဲ့အတွက် ပြည်ပသို့ ကွန်တိန်နာဖြင့် စားသောက်ကုန် တင်ပို့ဖို့ ကွန်တိန်နာများ ရှားပါးပြတ်လပ်နေတဲ့ အကျပ်အတည်းဖြစ်ပေါ်နေပြီး စားသောက်ကုန် တင်ပို့မှုကို ရေကြောင်းပို့ဆောင်ရေးမှာ အခက်အခဲကြုံနေရတယ်။


ကွန်တိန်နာဖြင့် တင်ပို့နေကျ ဖြစ်တဲ့ ဆန်အိတ်တွေ ထိုင်းနိုင်ငံမှာ တင်ပို့ဖို့ အခက်ကြုံနေတယ်။ ကနေဒါနိုင်ငံမှာ ပဲတွေ တင်ပို့နိုင်ခြင်း မရှိတဲ့အဖြစ်ကို ရင်ဆိုင်နေရတယ်။ အိန္ဒိယမှာ သကြားတွေ မတင်ပို့နိုင်လို့ တောင်ပုံယာပုံ သောင်တင်နေတယ်။

အမေရိကန်မှ ကွန်တိန်နာ အလွတ်တွေကို တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးတာက စားသောက်ကုန် ကွန်တိန်နာတွေ တင်ပို့တာထက် ပိုတွက်ခြေကိုက်နေလို့ သင်္ဘောလိုင်းတွေက ကွန်တိန်နာအလွတ်တွေကိုသာ သယ်ဆောင်နေကြလို့ အမေရိကန်နိုင်ငံရဲ့ စားသောက်ကုန် အထူးသဖြင့် စိုက်ပျိုးရေးထွက်ကုန်တွေ တင်ပို့လို့ မရတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်။ စုံစမ်းရေးကော်မရှင် ဖွဲ့ပြီး အခြေအနေကို စုံစမ်းစစ်ဆေးနေတယ်။

 

တရုတ်-အမေရိကန် ကွန်တိန်နာ စီးဆင်းမှု

အာရှနိုင်ငံတွေမှာလည်း ကွန်တိန်နာ ရှားပါး ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေလို့ အမေရိကန်နိုင်ငံသို့ စားသောက်ကုန်တွေကို ပို့နေကျအတိုင်း မပို့နိုင် ဖြစ်နေကြတယ်။

ထောက်ပံ့ပို့ဆောင်ရေး လောဂျစ်စတစ် လုပ်ငန်း IM-EX Global Inc. မှ ညွှန်ကြားရေးမှူး စတိဗ် ကရာနစ်က " ဆန်၊ ငှက်ပျောသီးနဲ့ ဖက်ထုပ်များအပါအ၀င် စားသောက်ကုန်များ အာရှမှ အမေရိကန်သို့ တင်ပို့တာမှာ လုပ်ကိုင်ပေးနေတဲ့ ကုန်ပစ္စည်းတင်ပို့ရေးလုပ်ငန်းတစ်ခုဟာ စားသောက်ကုန်တွေ လိုရာသို့ မရောက်ကြောင်း ပြောကြားခဲ့တယ်။

အာရှမှအမေရိကန်မှအာရှသို့ ထိုင်းနိုင်ငံမှ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်သို့ အပတ်တိုင်းဆန်ကွန်တိန်နာ ၈ လုံးမှ ၁၀ လုံး အထိ တင်ပို့နေကျ ဖြစ်ပေမဲ့ တစ်ပတ်ကို ကွန်တိန်နာ ၂ လုံးကနေ ၃ လုံးအထိသာ တင်ပို့နိုင်ပါတော့တယ်" လို့ ပြောပြတယ်။

ကွန်တိန်နာစီးဆင်းမှုတွေမှာ တရုတ်နဲ့ အမေရိကန်အကြား အသွားအပြန် ရေကြောင်းခရီးစဉ်တွေကို ကြည့်ရင် ပုံမှန်အားဖြင့် တရုတ်မှ ပို့ကုန်တွေကို အမေရိကန်နိုင်ငံသို့ ကွန်တိန်နာများဖြင့် ပို့ဆောင်ပေးပြီးတဲ့အခါ တရုတ်ပြည်သို့ အပြန်ခရီးစဉ်မှာ အပြန်ကုန် မရရင်တော့ ကွန်တိန်နာအလွတ်တွေကို တရုတ်ပြည်သို့ သယ်ယူပေးခြင်းဖြင့် ဝင်ငွေ ရှာကြတယ်။

အပြန်ကုန် ကွန်တိန်နာတွေကို ပိုအလေးပေးတယ်။ အခုအခါမှာ တရုတ်မှ အမေရိကန်သို့ ကွန်တိန်နာ ပို့ဆောင်ခက ၁၀ ဆ နီးပါး မြင့်တက်နေလို့ အပြန်ခရီးစဉ်မှာ အချိန်ကုန်သက်သာပြီး ဝန်ပေါ့တဲ့ ကွန်တိန်နာ အလွတ်တွေကိုပဲ သင်္ဘောတွေက သယ်ဆောင်ကြတော့တယ်။

အမေရိကန်နိုင်ငံမှာ ကွန်တိန်နာကုန်စည်အတွက် အကြီးမားဆုံး ဆိပ်ကမ်းဖြစ်တဲ့ လော့အိန်ဂျယ်လိစ် ဆိပ်ကမ်းမှာ ကွန်တိန်နာ လေးလုံး သင်္ဘောတင်ရင် သုံးလုံးက အလွတ်တွေ ဖြစ်ပါတယ်။ အရင်က ကုန်စည်ပါတဲ့ ကွန်တိန်နာတွေနဲ့ အလွတ်တွေ ဆတူ ဖြစ်ခဲ့ပါတယ်။

 

စားသောက်ကုန် တင်ပို့မှုများ လျော့ကျ

ပဲတင်ပို့မှုမှာ ကမ္ဘာ့ဒုတိယအများဆုံးနိုင်ငံ ဖြစ်တဲ့ ကနေဒါနိုင်ငံ ဗင်ကူးဗား ဆိပ်ကမ်းမှ ပဲတင်ပို့မှုဟာ ကွန်တိန်နာ မရရှိတာကြောင့် အချိန်မီ တင်ပို့နိုင်ခြင်း မရှိတဲ့အပြင် တင်ပို့မှု ပမာဏလည်း လျော့ကျသွားပါတယ်။

သကြားတင်ပို့မှုမှာ ကမ္ဘာ့ဒုတိယအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယအနေဖြင့် ဇန်နဝါရီလမှာ တန်ချိန် ၇၀,၀၀၀ မက်ထရစ်တန်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုန်းက တင်ပို့တာထက် တန်ချိန်ပမာဏ ငါးပုံ တစ်ပုံမျှသာ ရှိပါတယ်လို့ အိန္ဒိယမှ သကြားဖြူ ထုတ်လုပ်တဲ့ လုပ်ငန်းတွေထဲမှ ထိပ်တန်းလုပ်ငန်းတစ်ခုဖြစ်တဲ့ Shree Renuka Sugars Ltd ရဲ့ ဥက္ကဋ္ဌဖြစ်သူ Ravi Gupta က ပြောပြပါတယ်။

အက်စ်ပရက်စ်ဆို အသင့်ဖျော် ကော်ဖီမှုန့် ထုတ်လုပ်မှုအတွက် သုံးစွဲတ့း ကုန်ကြမ်း ရိုဘတ်စတာ ကော်ဖီစေ့ ထုတ်လုပ်တင်ပို့မှုမှာ ကမ္ဘာ့အများဆုံး နိုင်ငံ ဖြစ်တဲ့ ဗီယက်နမ်နိုင်ငံဟာ ၂၀၂၀ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတို့မှာ ပြည်ပတင်ပို့မှု တန်ချိန်ပမာဏ ၂၀% ကျော် လျော့ကျခဲ့တယ်လို့ ဗီယမ်နမ်မှာ ကော်ဖီစေ့တင်ပို့မှုမှာ နံပါတ်(၂)နေရာမှာ ရှိတဲ့ Simexco Dak Lak ကုမ္ပစီရဲ့ ဥက္ကဋ္ဌဖြစ်သူ Le Tien Hung က ပြောပါတယ်။ ကော်ဖီစေ့ တင်ပို့တဲ့ ရာသီချိန်မှာ ကွန်တိန်နာ အလုံအလောက် မရရှိတာကြေင့် ကော်ဖီစေ့တွေ တင်ပို့မှု လျော့ကျတဲ့အတွက် သိုလှောင်ရုံတွေမှာ ကော်ဖီစေ့တွေ အပြည့်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကမ္ဘာတစ်လွှားမှာ စားသောက်ကုန် မှာကြားဝယ်ယူသူတွေ အမှာစာ ကုန်စည်ကို ရဖို့ စောင့်ဆိုင်းကြရပြီး တချို့ကတော့ အမှာစာကို ရုပ်သိမ်းခဲ့ကြရပါတယ်။

ဂျာမန် ကွန်တိန်နာလိုင်း ဖြစ်တဲ့ Hapag-Lloyd AG က မြောက်အမေရိကမှ စိုက်ပျိုးရေး ထုတ်ကုန်တွေကို ပို့ဆောင်ပေးဖို့ ဆိုင်းငံ့ထားပြီး ကွန်တိန်နာ ရှားပါးြပတ်လပ်နေတဲ့ အာရှသို့ ကွန်တိန်နာအလွတ်တွေ ပြန်သယ်ပေးနေတယ်လို့ ဆိုပါတယ်။ ပေ ၄၀ ကွန်တိန်နာ လိုအပ်မှု စံချိန်တင် ကျဆင်းခဲ့ပြီးတဲ့နောက် နိုဝင်ဘာလမှာ လိုအပ်ချက် စဲချိန်တင် အမြင့်မားဆုံးသို့ ထိုးတက်သွားခဲ့တယ်။

“အာရှမှာ ကွန်တိန်နာအလွတ်တွ ရှားလာတာနဲ့အမျှ ဖြည့်ဆည်းပေးနိုင်မှုဟာ လိုအပ်ချက်နဲ့ အတော်ကွာဟသွားတယ်” လို့ သုတေသနလုပ်ငန်း Freightos မှ Judah Levine က ပြောပြတယ်။

 

အအေးပေး ကွန်တိန်နာ

အအေးပေးစနစ်ပါတဲ့ ကွန်တိန်နာတွေ တရုတ်နိုင်ငံရှိ ဆိပ်ကမ်းတချို့မှာ စုပုံနေတယ်။ အထဲမှာပဲပါတဲ့ အေးခဲအစားအစာမှာ ကိုဗစ် ဗိုင်းရပ်စ်ပိုး ပါလာပြီး ရောဂါကူးစက်မှု ဖြစ်ပွားလို့ ကိုဗစ် စစ်ဆေးမှုတွေ

တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတယ်။ အေးခဲအသားတွေနဲ့ ပင်လယ်စာတွေမှာ ပိုးပါပမါ စစ်ဆေးမှု လုပ်တာကြောင့် အချိန်ယူရတယ်။ ဆိပ်ကမ်းမှာ ကွန်တိန်နာ ထားရှိချိန် ပိုကြာမြင့်တယ်။

ဒီတော့ ကွန်တိန်နာထဲမှ စားသောက်ကုန်တွေ ထုတ်ယူဖို့ နှောင့်နှေးတဲ့အတွက် ကွန်တိန်နာ အလွတ် ပြန်ရလာဖို့ အချိန်ပိုကြာနေတယ်။ ဒါလျံဆိပ်ကမ်းမှာ ခါတိုင်းထက် ပိုများနေတဲ့ အအေးပေးကွန်တိန်နာတွေကြောင့် လျှပ်စစ်ဓာတ်အားပေးဖို့ ထိုးစရာ ပလပ် အကုန်ကုန်သွားတာမို့ နောက်ထပ် အအေးပေး ကွန်တိန်နာအသစ်တွေ လာချတာကို ဆိုင်းငံ့ထားတယ်။

ပြည်ပမှ တင်သွင်းတဲ့ အေးခဲဝက်သားတွေ ကုန်စည်စီးဆင်းမှု နှောင့်နှေးတာကြောင့် ကမ္ဘာ့ဝက်သားအစားဆုံးနိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံမှာ ဝက်သားလက်ကားဈေး ဈေးတက်သွားပြီး စက်တင်ဘာလကတည်းက ဈေးစံချိန်သစ် အမြင့်ဆုံးသို့ ရောက်ရှိနေတယ်။

တရုတ်နှစ်သစ်ကူးက ဖေဖော်ဝါရီလ ၁၂ ရက်ဖြစ်တာကြောင့်လည်း ဈေးတက်ရိပ်ရှိနေအောင် တွန်းပို့ပေးထားတယ်။ အစိုးရက အရံရိက္ခာအဖြစ် ထားရှိတဲ့ ဝက်သားတွေ ထုတ်ရောင်းပြီး နှစ်ကူးကာလ ဝယ်လိုအား မြင့်တက်ခြင်းကို ဖြည့်တင်းပေးနေရတယ်။

ကွန်တိန်နာ အလွတ်ရဖို့ ကြန့်ကြာစေတဲ့ နောက်ထပ် အကြောင်းတစ်ခုကတော့ ကိုဗစ်ကြောင့် လုပ်သားအင်အား အပြည့်အဝ မသုံးစွဲနိုင်တာ ဖြစ်ပါတယ်။ ကွန်တိန်နာထဲမှ ပစ္စည်းတွေ ထုတ်တာ၊ ကွန်တိန်နာထဲ ပစ္စည်းတွ ထည့်တာ ခါတိုင်းထက် အချိန်ပိုယူကြရလို့ ကွန်တိန်နာ လည်ပတ်တဲ့နှုန်း လျော့ကျစေတယ်။

အာဂျင်တီးနားမှာ သပိတ်မှောက်နေတာကြောင့် စိုက်ပျိုးရေးထွက်ကုန်တွေ ကမ္ဘာ့ဈေးကွက်ထဲ မတင်ပို့နိုင်လို့ အာရှမှ ဝယ်လက်တွေဟာ အမေရိကန်မှ စိုက်ပျိုးရေးထွက်ကုန်တွေကို ပိုမိုဝယ်ယူကြတာကလည်း အမေရိကန် ဆိပ်ကမ်းတွေမှာ ကွန်တိန်နာအလွတ် လိုအပ်ချက်ကို သာမန်ထက် ပိုများနေစေတယ်။

ကွန်တိန်နာ ရဖို့ အပြိုင်အဆိုင် ကြိုးပမ်းမှုတွေတွေ ပိုပြင်းထန်စေတယ်။

gcaptain.com

Myanmar Logistic Guide

Read times Last modified on Friday, 05 February 2021 12:24
Rate this item
(0 votes)