×

Warning

JUser: :_load: Unable to load user with ID: 540


ရခိုင်တွင် ကြက်သွန်နီစျေးနှုန်း ၃ ဆအထိ မြင့်တက်နေ

အိမ်တွင်းအခြေခံ စားသုံးကုန်တစ်ခုဖြစ်သည့် ကြက်သွန်နီမှာ ယခုအောက်တိုဘာလ အတွင်း ၁ ပိဿာလျှင် စျေးနှုန်း မူလ ၅၀၀ ကျပ်မှ လက်ရှိ ၁၅၀၀ ကျပ်ထိ မြင့်တက်လျက်ရှိကြောင်း

ဝယ်ယူစားသုံးများနှင့် ရောင်းချသူများက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလကုန်အထိ ကြက်သွန်နီ အသေး ၁ ပိဿာလျှင် ၅၀၀ ကျပ်နှင့် အကြီး ၁ ပိဿာလျှင် ၈၀၀ ကျပ် ကြားအထိသာရှိခဲ့သည်။
အောက်တိုဘာလမှစ၍ တဖြည်းဖြည်းမြင့်တက်လာရာ လက်ရှိတွင်အသေး ၁ ပိဿာလျှင် ၁၂၀၀ ကျပ်နှင့် အကြီး ၁ ပိဿာ လျှင် ၁၅၀၀ ကျပ်အထိ စျေးမြင့်တက်နေသည်ဟု အမ်းမြို့ အမှတ် ၃ ရပ်ကွက်မှ ဦးတင်မောင်ကုန်စုံဆိုင် ကပြောသည်။
“ကြက်သွန်က ဒီလမှာ စျေးကတဖြည်းဖြည်းမြင့်တက်လာတာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလကဆိုရင် ကြက်သွန်အသေး ၁ ပိဿာကို ၅၀၀ ကျပ်နဲ့ အကြီး ၁ ပိဿာကို ၈၀၀ ကျပ် အဲ့လောက်ပဲရှိပါတယ်။ ခုကတော့ ဝယ်စျေး ကိုက မြင့်တက်လာတယ်။ အငယ် ၁ ပိဿာကို ၁၂၀၀ ကျပ်နဲ့အကြီး ၁ ပိဿာကို ၁၅၀၀ ကျပ်အထိမြင့်တက်လာပါတယ်။ စျေးတက်တာ ရက်ပေါင်း ၂၀ လောက်ပဲရှိပါသေးတယ်”ဟုပြောသည်။
စက်တွေမြို့ မြို့မစျေးမှ ကြက်သွန်အပါဝင် မီးဖိုချောင်သုံးကုန်ပစ္စည်းများရောင်းချနေသူတစ်ဦးဖြစ်သည့် ဒေါ် သူဇာကလည်း ကြက်သွန်နီ စျေးသိသိသာသာမြင့်တက်လာသည်မှာ လွန်ခဲ့သည့် ၁ ပတ်ခန့်လောက်ကဖြစ်ပြီး ကြက်သွန်ဖြူမှာ အနည်းငယ်သာ စျေးတက်သွားသည်ဟုပြောသည်။
“ကြက်သွန်နီကတော့ စျေးတက်နေပါတယ်။ အရည်အသွေးကောင်းတဲ့ အကြီးတွေက ၁၅၀၀ကျပ် လောက်ထိ ရှိနေပါတယ်။ အသေးကတော့ ၁၁၀၀ ကျပ်ရှိပါတယ်။ ပြည်မဖက်က စျေးတက်နေတာပါ။ ဘင်္ဂလားဒေ့ရှ်ရှိဖက်က ဝယ်လိုအားကောင်းနေလို့ စျေးတက်နေတာထင်တယ်”ဟုပြောသည်။
ရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းဖေဖော်ဝါရီလလယ်ခန့် မှစ၍ ပြည်တွင်းထွက်ကုန်များနှင့် ပြည်ပတင်သွင်းကုန်များမှာ စျေးနှုန်များ အဆမတန်မြင့်တက်လျက်ရှိသည်။
လက်ရှိတွင် ကြက်သွန်မှာလည်း ပြည်ပဖက်က ဝယ်လိုအားကောင်း၍ ယခုလတွင် စျေးမြင့်တက်နေပြီ ဖြစ်သည်။
ဝယ်ယူ စားသုံးသူ အိမ်ရှင်မ တစ်ဦးက” မနေ့ကမှ ကြက်သွန်စျေးတက်နေတာကိုသိပါတယ်။ အရင် ၁ ပိဿာ ကို ၆၀၀ ကျပ်နဲ့ဝယ်ထားတာ မနေ့ကကုန်တော့ သွားဝယ်တဲ့အခါ ၁၂၀၀ကျပ်ဖြစ်နေပါတယ်။ ကုန်စျေးနှုန်းတွေက တနေ့ထက်တစ်နေ့ မြင့်တက်နေတယ်။ ဒုက္ခရောက်ရတာက ကျွန်မတို့လို အခြေခံလူတန်းစားတွေပါပဲ”ဟုပြော သည်။
ယခင်က ကြက်သွန် ၁ ပိဿာလျှင် ၂၀၀၀ ကျပ်အထိစျေးမြင့်ခဲ့ပြီး လက်ရှိစျေးမှာ စျေးအဆမတန်မြင့်တက် သည်ဟု မဆိုနိုင်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မူလုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမူ ဦးကို အောင်အောင် ကပြောသည်။
“ပြည်မဖက်က မူရင်းစျေး ၁ ပိဿာကို ၅၅၀ ကျပ်ရှိပါတယ်။ သယ်ယူပို့ဆောင်စရိတ်တွေပါဆိုရင် ၁ ပိဿာကို ၈၀၀ ကျပ်လောက်ရှိတာပေါ့။ အရင်က ကျွန်တော်တို့ ကြက်သွန် ၁ ပိဿာကို ၂၀၀၀ ကျပ်ထိပေးဝယ်ခဲ့ရတာရှိ ပါတယ်။ အခု ၃၀၀/၄၀၀ လောက်တက်တာကိုတော့ စျေးတအားတက်တယ်လို့ပြောလို့မရပါဘူး။ ကြက်သွန် တောင်သူတွေလည်း တွက်ခြေကိုက်ဖို့လိုတယ်လေ”ဟုပြောသည်။
လက်ရှိ ရခိုင်တွင် နေ့စဉ်စားသုံးနေကြသော ကြက်သွန်နီမှာ ပြည်ဖဖက်ဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးဖက်မှလာသည့် ကြက်သွန်များဖြစ်သည်။ အဆိုပါကြက်သွန်များကို ရခိုင်ရှိနယ်စပ်ကုန်သွယ်ရေးစခန်းများ မှာ တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ဖက်သို့လည်း တင်ပို့သည်။
Western News- WN

Read times
Rate this item
(0 votes)