×

Warning

JUser: :_load: Unable to load user with ID: 540


တနင်္သာရီတိုင်းဒေသကြီးအတွင်း ကင်းမွန်ရာသီ ရောက်ရှိပြီ ဖြစ်သောကြောင့် ကင်းမွန်မီးထွန်းလှေများ ပင်လယ်ပြင်တွင် လုပ်ငန်းခွင် စတင်ဝင်ရောက်

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကင်းမွန်ရာသီ စတင်ရောက်ရှိပြီ ဖြစ်သောကြောင့် ကင်းမွန်မီးထွန်းလှေများ ပင်လယ်ပြင်တွင် လုပ်ငန်းခွင် စတင်ဝင်ရောက်ပြီ ဖြစ်ကြောင်း သိရသည်။

သီတင်းကျွတ်ကာလ လွန်မြောက်ပြီးနောက် ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် ကင်းမွန်လှေများ ကင်းမွန်ဖမ်းဆီးရန်အတွက် ပင်လယ်ပြင်အတွင်း ထွက်ခွာနေပြီ ဖြစ်ကြောင်း သိရသည်။

ကင်းမွန်ရာသီမှာ မိုးလေကင်းစင်သည့်အချိန်တွင် လုပ်ကိုင်ရသည့် ရေလုပ်ငန်းအမျိုးအစား ဖြစ်သော်လည်း

ငါးသားပေါက်ရာသီ သတ်မှတ်မှုနှင့် ရာသီဥတုဆိုးရွားမှုများကြောင့် ယခုနှစ်တွင် လုပ်ငန်းလုပ်ကိုင်ချိန် နည်းပါးနိုင်ကြောင်း သိရသည်။

“ ၁၀ လပိုင်းလောက်မှ ကျွန်တော်တို့ လုပ်ငန်းပြန်လုပ်ရတယ်။ ၈ လပိုင်းမှာ လှေတွေ ပြင်ဆင်ကြတယ်။ စက်တင်ဘာလမှာ လှေတချို့ ထွက်ကြပေမယ့် ရာသီဥတု ဖောက်နေတဲ့အတွက် လှေတွေ အရှုံးပေါ်တာမျိုး ဖြစ်ခဲ့တယ်။ ကျွန်တော်တို့လုပ်ငန်းက သီတင်းကျွတ်ပြီးရင် ရာသီစတင်တယ်လို့ ပြောနိုင်ပါတယ်၊ အောက်တိုဘာ လအကုန်ပိုင်းလောက်ကနေ မေလောက်အထိ ကင်းမွန်ဖမ်းကြတယ်ပေါ့။ လာမယ့်နှစ်ဆိုရင် ၄ လပိုင်းမှာ ငါးဖမ်းရာသီ ပိတ်မယ်ဆိုတော့ အလုပ်လုပ်ရတဲ့ကာလ အရမ်းနည်းသွားလိမ့်မယ်၊ လောင်စာဆီက လှေကြီးကို အလုံး ၃၀ (ပီပါ ၃၀) လောက် ထည့်ရတယ်၊ အရင်တစ်သိန်းကျော် အခု သုံးသိန်း ဖြစ်နေတယ်။ ရေခဲစရိတ်လည်း ရှိသေးတယ်။ ရေခဲက ကျပ် သုံးထောင်ကျော်ကနေ ကျပ် ငါးထောင်ကျော်နေပြီ။ အခက်အခဲတွေကတော့ အများကြီးရှိနိုင်တယ်၊ မြိတ်ခရိုင်အတွင်းမှာ ကင်းမွန်လှေတွေက တဝ (ဒေသခံ ကမ်းဝေး) ၃၀၀ ကျော်၊ ဒေသခံ မီးထွန်းလှေတွေ အစီးတစ်ထောင်ခန့်ရှိတယ်” ဟု မြိတ်ခရိုင် ကင်းမွန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းထွန်းက ပြောကြားသည်။

ယခုနှစ် ငါးဖမ်းရာသီ သတ်မှတ်မှုကို မေ၊ ဇွန်၊ ဇူလိုင်လများအဖြစ် သတ်မှတ်ထားပြီး လာမည့်နှစ်တွင် ရှေ့တစ်လစီ တိုးသွားရန် သတ်မှတ်ထားသည့်အတွက် ဧပြီလတွင် ကင်းမွန်မီးထွန်းလှေများ ရာသီစတင်ရပ်နားရဖွယ် ရှိနေကြောင်း သိရသည်။

“ကင်းလှေတွေက မြန်မာလဆန်း၊ လဆုတ်ရက်တွေ တွက်ချက်ပြီး ကင်းမွန် ဖမ်းရတာပါ။ မြန်မာလဆုတ် ၂ ရက်နေ့က စတင်ပြီး လဆန်းအထိ လုပ်ကိုင်ရတယ်။ တစ်လမှာဆိုရင် ပင်လယ်ထဲမှာ ကျွန်တော်တို့ လုပ်ကိုင်တဲ့ ရက်က ၂၃ ရက်အထိပဲ ရှိနိုင်တယ်။ စျေးကွက်အနေထားက အရင်ကဆိုရင် တရုတ်တွေ ဝယ်တယ်။ အခုကိုဗစ်ကြောင့် မဝယ်တော့ဘူး။ ကင်းမွန်ပြုတ်ခြောက်လုပ်တဲ့ လုပ်ငန်းတွေလည်း မလာတော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ ထိုင်းစျေးကွက်ကိုပဲ မှီခိုနေရတယ်။ စျေးကွက်အနေထားက ပစ္စည်းရှားရင် စျေးကောင်းရတယ်၊ ပစ္စည်းပေါလာရင် စျေးမကောင်းတော့ဘူး။ မောတောင်နယ်စပ် လမ်းကြောင်းကနေ အအေးခဲ မလုပ်ဘဲ ကင်းမွန်အစိမ်း ပို့နိုင်ရင်တော့ ကျွန်တော်တို့အတွက် ကုန်ကျစရိတ် ပိုပြီး သက်သာလာမယ်၊ အခုလက်ရှိ အနေထားမှာ မောတောင်နယ်စပ် လမ်းကြောင်းကနေ ကင်းမွန်တွေကို အစိမ်းပို့ခွင့် မပေးထားဘူး၊ အအေးခဲ ဘလောက်တုံး လုပ်ရတယ်။ အဲဒီတော့ ကျွန်တော်တို့ မြိတ်ဒေသရဲ့ မီတာခစျေး မြင့်နေမှုနှင့်ဆိုရင် အရမ်းစျေးမြင့်သွားပြီ။ ရန်ကုန်မြို့မှာ အအေးခဲခ တစ်ကီလိုကို ကျပ် ၁၅၀ ခန့်ပဲ ရှိတယ်။ မြိတ်မှာက တစ်ကီလို အအေးခဲခက ကျပ် ၅၀၀ ခန့် ရှိနေတော့ အအေးခဲခမှာကို ကျွန်တော်တို့ အတော်လေးကို အထိနာပါတယ်” ဟု မြိတ်ခရိုင် ကင်းမွန်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းအောင် (ခ) ဦးဖိုးကောင်းက ပြောကြားသည်။


ကင်းမွန် ရာသီအစတွင် ကင်းမွန်ဆိုက်ကြီးဖြစ်သည့် ၁၊ ၂၊ ၃ ဆိုက်များမှာ တစ်ဗန်း ( ၁၁ ပိဿာဝင်ဗန်း ) လျှင် ကျပ် တစ်သိန်း ကျော်ရှိပြီး ဆိုက်ငယ်များမှာ တစ်ဗန်းလျှင် ကျပ်ခြောက်သောင်းအထိ စျေးရှိနေကြောင်း သိရသည်။ ရာသီအဖွင့် စျေးကွက်ဖြစ်သည့်အတွက် စျေးနှုန်းမငြိမ်သေးဘဲ ကင်းမွန်ရရှိမှုအပေါ် မူတည်ပြီး ထိုင်းစျေးကွက်မှ စျေးကစားနိုင်သေးကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။

 

news-eleven.com

Read times
Rate this item
(0 votes)