×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ကမ္ဘာ့ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှု ၄.၃ ရာခိုင်နှုန်းတိုးတက်နိုင်ကြောင်းခန့်မှန်း

၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ကမ္ဘာ့ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှုမှ ပဲပုတ်စေ့တန်ချိန် ၃၈၀.၁ သန်းအထိထွက်ရှိနိုင်ပြီး

ယခင်နှစ် သီးနှံကာလတွင် ထုတ်လုပ်ခဲ့သည့် ပဲပုတ်စေ့တန်ချိန် ၃၆၃.၆ သန်းထက် ၄.၃ ရာခိုင်နှုန်း တိုးတက်နိုင်ကြောင်း ခန့်မှန်းထားသည်။ အဆိုပါခန့်မှန်းချက်အား ကမ္ဘာ့အဓိက ကုန်စည်များ၏ ရောင်းလိုအားနှင့် ဝယ်လိုအားဆိုင်ရာ အချက်အလက်များကို ပြုစုဖြန့်ဝေလျက်ရှိသည့် G-20 ၏ အဓိကအစိတ်အပိုင်းဖြစ်သည့် Agricultural Market Information System (AMIS) ကထုတ်ဝေသည့် အောက်တိုဘာလသုံးသပ်ချက်စာစောင်တွင် ဖော်ပြထားသည်။
စက်တင်ဘာလခန့်မှန်းချက်တွင် ကမ္ဘာ့ပဲပုတ်စေ့ထုတ်လုပ်မှုသည် တန်ချိန် ၃၈၀.၆ သန်း ထွက်ရှိရန် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့၏ သီးနှံထွက်ရှိမှု ကျဆင်းခဲ့သော်လည်း ကမ္ဘာ့ဆီထွက် သီးနှံထုတ်လုပ်မှု၏ ၃၇ ရာခိုင်နှုန်းရှိသည့် ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့ထွက်ရှိမှု တိုးတက်ခဲ့သဖြင့် ကမ္ဘာ့ဆီထွက်သီးနှံ ထုတ်လုပ်မှုသည် ကြိုတင်ခန့်မှန်းချက် အတိုင်း ဖြစ်ပေါ်ခဲ့သည်။
ကမ္ဘာ့ပဲပုတ်စေ့ထုတ်လုပ်မှုသည် တန်ချိန် ၃၈၄.၄ သန်းရှိကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန (U.S. Department of Agriculture - USDA) ၏ သတင်းတွင်ဖော်ပြခဲ့ပြီး International Grain Council က တန်ချိန် ၃၇၉.၅ သန်း ထုတ်လုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၀-၂၀၂၁ ခုနှစ်ကာလတွင် တောင်အမေရိကနိုင်ငံများ၏ ပဲပုတ်စေ့ စိုက်ပျိုးထုတ်လုပ်မှု သည် တန်ချိန် ၁၉၇.၇၀ သန်းရှိခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်သီးနှံကာလတွင် တန်ချိန် ၂၁၁.၉၄ သန်း အထိရှိနိုင်ကြောင်း ခန့်မှန်းထား သဖြင့် ၇ ရာခိုင်နှုန်း ပိုမိုတိုးတက်ထွက်ရှိနိုင်ကြောင်း၊ အဆိုပါထွက်ရှိမှုများ အနက် ၆၄.၃ ရာခိုင်နှုန်းကို ဘရာဇီးလ်နိုင်ငံက ထုတ်လုပ်ကြောင်း၊ ဘရာဇီးလ် နိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၁၄၄.၀၇ သန်း ဝန်းကျင်ရှိကြောင်း စိုက်ပျိုးရေး အကြံပေးကုမ္ပဏီ Datagro ၏ လေ့လာတွေ့ရှိချက်တွင် ဖော်ပြ ထားသည်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်း ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၅.၀၄ သန်း အား တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူ တင်ပို့ခဲ့သည့် တန်ချိန် ၃.၉၂ သန်းထက် ၂၈ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ကြောင်း၊ ယခုနှစ်ဩဂုတ်လတွင် ပဲပုတ်စေ့တန်ချိန် ၅.၇၉ သန်း တင်ပို့နိုင်ခဲ့ကြောင်း National Association of Cereal Exporters (Anec) ၏ သတင်းတွင်ဖော်ပြထားသည်။
ယခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိကာလတွင် ပဲပုတ်စေ့တန်ချိန် ၉၅၀,၈၈၀ တန်နှင့် စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း တန်ချိန် ၁.၃၁ သန်းအား တင်ပို့ခဲ့ကြောင်း၊ ယခုနှစ်နှစ်ဆန်းပိုင်းမှ စက်တင်ဘာလကုန်အထိ ပဲပုတ်စေ့တန်ချိန် ၇၉.၃ သန်း အား တင်ပို့နိုင်ရန်မျှော်မှန်းထားကြောင်း ANEC ၏ သတင်းတွင်ဖော်ပြထားသည်။
ပဲပုတ်စေ့ စားသောက်ကုန်တင်ပို့မှုတွင် စက်တင်ဘာလအတွင်း တန်ချိန် ၁.၇၂ သန်းအထိ ရှိနိုင်ကြောင်း၊ ယခင်နှစ်ကာလတူတွင် တန်ချိန် ၁.၃၂ သန်းအား တင်ပို့ခဲ့ကြောင်း၊ ဩဂုတ်လတွင် ပဲပုတ်စေ့ စားသောက်ကုန်တန်ချိန် ၁.၂၈ သန်း တင်ပို့ခဲ့ကြောင်း၊ ယခုနှစ်၊ ဇန်နဝါရီလမှ အောက်တို ဘာလကုန် အထိကာလတွင် စားသောက်ကုန်တန်ချိန် ၁၃.၀၁ သန်းအား တင်ပို့နိုင်ရန် ခန့်မှန်း ထားကြောင်း ANEC ၏သတင်းတွင် ဖော်ပြထားသည်။
သတင်းရင်းမြစ် - canalrural.com.br
ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး
ဘရာဇီးလ်

Read times Last modified on Monday, 25 October 2021 18:03
Rate this item
(0 votes)