India

×

Warning

JUser: :_load: Unable to load user with ID: 540


ကင်ပွန်းချဉ်ရွက်ကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင်လွယ်လင့်တကူချက်ပြုတ်နိုင်တဲ့

ကင်ပွန်းချဉ်ရွက်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကင်ပွန်းချဉ်ရွက်၊ ပုစွန်၊ ငရုတ်သီးအပုတောင့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးပိစိမ်းစား၊ ငံပြာရည်၊ ဆား၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊
ငရုတ်သီးစိမ်းနှင့် ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ကင်ပွန်းချဉ်ရွက်ကို အခက်အလက်လေးတွေစင်အောင် ဖြုတ်ပြီးမှ ရေဆေးပေးပါ။ ပုစွန်အကောင်သေးလေးတွေကို ခေါင်းပြုတ်၍ ရေဆေး သန့်စင်ပြီး ဆား၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်တို့နဲ့ ရောနယ်ပေးထားပါ။

 

ငရုတ်သီးခြောက်အပုတောင့်ကို အညှာခြွေ၊ အစေ့ထုတ်၍ ငရုတ်သီးကို ညက်အောင်ထောင်းထားပါ။ ပြီးလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို အခွံနွှာထားပါ။ ငရုတ်သီးညက်ပြီးဆိုရင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူကိုပါ ထည့်ပေးထားပါ။

 

ငရုတ်သီးစိမ်းတောင့်ကိုလည်း ရေဆေးပြီး အညှာခြွေပေးထားပါ။ အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်ခပ်ထည့်ပြီးတော့ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်ထည့်ပြီး ဆီသတ်ထားပါ။

 

ဆီသတ်နံ့မွှေးလာပြီဆိုရင် နယ်ထားတဲ့ ပုစွန်တွေထည့်ပြီး ဆီသတ်၊ ပြီးရင် ကင်ပွန်းရွက်တွေထည့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်နဲ့ ငါးပိစိမ်းစားလေးကို ရေဖျော်ထည့်ပြီး အားလုံးနှံ့အောင် သေသေချာချာမွှေ၊ အဖုံးအုပ်ပြီး တည်ပေးပါ။

 

ရေခမ်းခါနီးကျ ဟင်းအိုးအဖုံးဖွင့်ပြီး အပေါ့အငံ အရသာမြည်းကြည့်ပြီး အရသာထပ်ထည့်ပေးပါ။


ကျက်ပြီဆိုရင် ငရုတ်သီးစိမ်းလေးတွေ အုပ်၍ မီးဖိုပေါ်မှ ချနိုင်ပါတယ်။ ပြီးရင်တော့ ထမင်းပူပူလေးနှင့် ကင်ပွန်းချဉ်ရွက်ကြော်လေးကို တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:51
Rate this item
(1 Vote)