India
ပုစွန်တုန့်ယမ်းဟင်းရည်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူချက်ပြုတ်နိုင်တဲ့ ထိုင်းစတိုင်
ပုစွန်တုန့်ယမ်းဟင်းရည်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ပုစွန်၊ မှို၊ စပါးလင်၊ ပဒဲကော၊ ရှောက်ခါးရွက်၊ ငရုတ်သီးစိမ်း၊ သံပရာသီး၊ ငါးငံပြာရည်၊ ကြက်သွန်နီ၊ ဆား၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ဟင်းခတ်မှုန့် တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ပုစွန်ကို ခေါင်းဖြုတ်၊ အမြီးအဖျားလေးကို နည်းနည်းချန်ထားပြီး အခွံခွာ၊ ကျောလယ်ကို ခွဲ၊ အမည်းကြောင်းကို ထုတ်၍ ရေဖြင့် သန့်စင်အောင် ဆေးကြောထားပါ။
ပြီးလျှင် တည်မည့် အိုးထဲ ရေထည့်ပြီး ပွက်ပွက်ဆူအောင် အရင်တည်ပါ။ စပါးလင်တွေကို အပင်လိုက် ထုထောင်းပြီး ထုံးထားပါ။ ရေဆူလာလျှင် စပါးလင်တွေကို ထည့်ပြီး မိနစ်အနည်းငယ်ခန့် တည်ထားပါ။
ပဒဲကောကို အနေတော်လှီးပြီး ထည့်ပါ။ ရှောက်ခါးရွက်နှင့် ငရုတ်သီးစိမ်းကို ထက်ခြမ်းခြမ်းပြီး ဆက်ထည့်ပါ။ ပြီးနောက် ငါးငံပြာရည်နဲ့  ဆား အနည်းငယ် ထည့်ပါ။
ကြက်သွန်နီကို အစိတ်လေးတွေ စိတ်ပြီး ထည့်ပါ။ မှို အပွင့်ကြီးလျှင် အဖတ်လေးတွေ ခွာထည့်ပါ။ အပွင့်သေးလျှင် အလယ်မှ ခြမ်းပြီး ထည့်ပါ။
ပြီးလျှင်တော့ သံပုရာရည် ထည့်လိုက်ပါ။ နောက်ဆုံးမှ ပုစွန်ထည့်ပြီး ပုစွန်ကွေးပြီဆိုလျှင် အရသာ အပေါ့အငန်မြည်းကြည့်ပြီးရင်တော့ အရသာရှိတဲ့ ချဉ်ငံစပ် ပုစွန်တုန့်ယမ်းဟင်းရည်လေးကို အသင့်သုံးဆောင်နိုင်ပါတယ်။