India
ငွေနှင်းမှိုကြော်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူချက်ပြုတ်နိုင်တဲ့
ငွေနှင်းမှိုကြော်နည်း အကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ငွေနှင်းမှို၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ခြောက်တောင့်၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးခွဲကြမ်း၊ သကြား၊ ငရုတ်ကောင်းမှုန့် တို့လိုအပ်ပါမယ်။
ငွေနှင်းမှိုတွေကို အမြစ်ဖြတ်ထုတ်ပြီး အပွင့်လိုက်ရေဆေးကာ အမျှင်များဖြစ်အောင် ဖွထားပေးရပါမယ်။
ရေစစ်သွားစေရန် ဇကာတစ်ခုတွင် ဖြန့်လှန်းထားလိုက်ပါ။
ချင်းနှင့် ကြက်သွန်ဖြူကို ညက်နေအောင် ထောင်းထားပါ။ နောက်ထပ် ကြက်သွန်ဖြူ ကိုခပ်နုပ်နုပ်လေးစဉ်းထား ပါ။
ပြီးလျှင် ငရုတ်ခြောက်တောင့်ကို မိမိနှစ်သက်တဲ့ အရွယ်ရအောင် ကြိတ်ထားပါ။
ရေစစ်ထားတဲ့ မှိုထဲကို ချင်း၊ ကြက်သွန်ဖြူထောင်းတာ ထည့်လိုက်ပြီးရင်တော့ ဆား၊ ဟင်းခတ်မှုန့်၊ သကြား၊ ငရုတ်ကောင်းမှုန့်တို့နှင့် ရောမွှေရပါမယ်။
ပြီးလျှင် ဒယ်အိုးတစ်လုံးကို ဆီအနည်းငယ်နှင့် အပူပေးထားပါ။ ဆီပူလာလျှင် အရသာနယ်ထားတဲ့ မှိုတွေကို ထည့်ကြော်လိုက်ပါ။ မီးအေးအေးလေးနှင့် ကြော်ပေးရပါမယ်။
မိမိလိုချင်တဲ့ အနေအထားမရောက်မီ မိနစ်အနည်းငယ်လောက် အလိုမှာ နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူတွေထည့်ပြီး မွှေးလာရင်တော့ ငရုတ်ခြောက်တောင့် လေးတွေ အတောင့်လိုက် ထည့်ကြော်လိုက်ပါ။
ခွဲကြမ်းမှုန့်လေးတွေထည့်ပြီး မွှေးလာရင်တော့ မီးဖိုပေါ်မှချကာ အအေးခံထားရပါမယ်။ အအေးခံနေစဉ်အတွင်းမှာလည်း အမြဲမပြတ် မွှေပေးရပါမယ်။