Food Industry
မြန်မာ့အာမခံလုပ်ငန်းက တောင်သူလယ်သမား အသက်အာမခံဝန်ဆောင်မှု အောက်တိုဘာတွင် စတင်မည်
မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် တောင်သူလယ်သမား အသက်အာမခံလုပ်ငန်းကို အောက်တိုဘာ ၁ ရက်တွင် စတင်မည်ဖြစ်ပြီး
မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက ပြောကြားသည်။
‘‘တောင်သူဦးကြီးတွေရဲ့ ဘဝရပ်တည်ချက်အတွက်လည်း အာမခံချက်ရရှိစေမှာပါ။ တောင် သူလယ်သမားတွေရဲ့ အကျိုးစီး ပွားကို အဓိကထားတာဖြစ်တဲ့အတွက် တောင်သူတွေ စိတ်ထဲမှာ အတင်းရောင်းတယ်ဆိုတာမျိုး မဖြစ်စေချင်ပါဘူး။ အဲဒါကြောင့် သူတို့ကိုယ်တိုင် လိုလိုလားလား လုပ်ဆောင်လာမယ့်အထိ ပြော ဆိုစည်းရုံးသွားမှာပါ။ သူတို့ စိတ်ဆန္ဒနဲ့ ဝယ်ယူတာပဲ ဖြစ်စေရမှာပါ’’ဟု ၎င်းက ပြောသည်။
တောင်သူလယ်သမား အာမခံလုပ်ငန်းဆောင်ရွက်လိုသည့် ပုဂ္ဂလိက အာမခံလုပ်ငန်းများအ ပြင် အကျိုးဆောင်ကုမ္ပဏီများနှင့်လည်း ၁၀ ရာခိုင်နှုန်းကော်မရှင်နှုန်းထားဖြင့် သဘောတူစာချုပ်များ ချုပ်ဆို၍ ဆောင်ရွက်မည် ဖြစ်ကြောင်း ဒေါက်တာစန္ဒာဦးက ဆိုသည်။
သို့သော် ပုဂ္ဂလိကအာမခံ လုပ်ငန်းများကို ၂၀၁၇ ဇူလိုင် ၁၀ ရက်ကစ၍ မြန်မာ့အာမခံ လုပ်ငန်းကြီးကြပ်မှုအဖွဲ့က တောင်သူ လယ်သမား အသက်အာမခံအပါ အဝင် အာမခံအမျိုးအစားလေးမျိုး စတင်ခွင့်ပြုထားသည်။ ပုဂ္ဂလိကအာမခံလုပ်ငန်းများလည်း စတင်ဝန်ဆောင်မှုပေးနေပြီဖြစ်ပြီး အာမခံထားသူ နည်းပါးကြောင်း အဆိုပါလုပ်ငန်း တာဝန်ရှိသူများက ပြောသည်။
‘‘ပရီမီယံကြေးကို လစဉ်သွင်းရမှာမဟုတ်ဘဲ တစ်လုံးတစ်ခဲတည်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ တောင်သူတွေရဲ့ သား သမီးတွေထဲက ဝန်ထမ်းလုပ်နေတဲ့သူတွေ၊ စပါးအရောင်းအဝယ်လုပ်တဲ့ ကုန်သည်တွေလည်း လယ်ယာလုပ်ငန်းနဲ့ ဆက်စပ်တဲ့အတွက် ဒီအာမခံထားလို့ရပါတယ်’’ဟု မြန်မာ့အာမခံလုပ်ငန်း အသက်အာမခံဌာန မန်နေဂျာ ဦးကျော်မျိုးဆွေက ဆိုသည်။
အသက်အာမခံထားရှိမည့် ၁ ရာခိုင်နှုန်းကို အာမခံကြေးအ ဖြစ် မြန်မာ့အာမခံလုပ်ငန်းသို့ ပေးသွင်းရမည်ဖြစ်ပြီး အာမခံသက်တမ်းအတွင်း အသက်သေဆုံးပါ က ယင်းအသက်အာမခံနှုန်း (ခံစားခွင့်) ရရှိမည်ဖြစ်သည်။
အသက်အာမခံကြေး တစ် သိန်းကျပ်ထားရှိသူသည် ပရီမီယံ ကြေးအဖြစ် မြန်မာ့အာမခံလုပ် ငန်းသို့ တစ်ထောင်ကျပ် ပေးသွင်းရမည်ဖြစ်ပြီး အာမခံသက်တမ်းအ တွင်း အသက်ဆုံးရှုံးမှုဖြစ်ပေါ်ပါ က အာမခံအကျိုးခံစားခွင့် တစ် သိန်းကျပ်ရရှိမည်ဖြစ်သည်။
အသက်အာမခံကို အနည်း ဆုံးတစ်သိန်းကျပ်မှ အများဆုံး ကျပ်သိန်း ၅၀ အထိ ထားရှိနိုင်ပြီး အာမခံထားမည့်သူအတွက် အဓိကလိုအပ်ချက်သည် မှတ်ပုံ တင်ရှိရန်ဖြစ်သည်။
အသက် (၁၆)နှစ်မှ (၆၀)နှစ်အထိ အာမခံထားရှိနိုင်ပြီး အသက် (၁၆)နှစ်မှ (၁၈)နှစ်အတွင်းရှိသူများ အာမခံထားပါက အုပ်ထိန်းသူ၏ ထောက်ခံချက်လိုအပ်မည်ဖြစ်သည်။
အာမခံ၏ သက်တမ်း တစ် နှစ်ဖြစ်ပြီး တောင်သူလယ်သမား များ၊ တောင်သူလယ်သမားများ ၏ မိသားစုများ၊ လယ်ယာလုပ် ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်း ဆောင်ရွက်သူများ အာမခံထားရှိ နိုင်မည်ဖြစ်သည်။
မည်သူ့မဆို အသက်အာမခံ အကျိုးခံစားခွင့် လွှဲပြောင်းပေးနိုင် ပြီး ဦးရေအကန့်အသတ်မရှိ ရာခိုင်နှုန်းအလိုက် သတ်မှတ်နိုင်သည်။ မိမိကိုယ်ကိုယ် သတ်သေမှု၊ ရာဇဝတ်မှုကျူးလွန်သူနှင့် မူးယစ်ဆေး
နှင့် ဆက်စပ်သည့် ဒဏ်ရာများသည် ယင်းအာမခံတွင် အကျုံး မဝင်၍ အကျိုးခံစားခွင့်ရရှိမည် မဟုတ်ပေ။
အာမခံထားရှိသူသည် ဆေး ရုံတက်ရပါက အကျိုးခံစားခွင့်ကို တစ်နှစ်အတွင်း သုံးကြိမ်ရရှိမည် ဖြစ်ပြီး တစ်ကြိမ်လျှင် သုံးရက်နှုန်းဖြင့် ကျပ်တစ်သိန်းအာမခံထား သူသည် တစ်ရက်လျှင် ကျပ်နှစ် ထောင်နှုန်း ခံစားခွင့်ရမည်ဖြစ်ပြီး အာမခံ ကျပ်ငါးသိန်းထားရှိသူ သည် တစ်ရက်တစ်သောင်းကျပ် နှုန်း အကျိုးခံစားခွင့်ရရှိမည်ဖြစ် သည်။ အာမခံထားရှိသူသည် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ဆေးရုံတက်ခြင်း၊ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်ပွားပါက အာမခံအကျိုးခံစားခွင့် ရရှိမည်ဖြစ်သည်။
မြန်မာ့ အာမခံလုပ်ငန်းက လုပ်ဆောင်နေသည့် အသက် အာမခံ ၁၀ မျိုးအနက် တောင်သူ လယ်သမား အသက်အာမခံလုပ် ငန်းလည်း ပါဝင်သည်။
မြန်မာ့အာမခံလုပ်ငန်းက တောင်သူလယ်သမား အသက်အာမခံလုပ်ငန်းကို ၁၉၈၀ က လုပ်ဆောင်ခဲ့ဖူးပြီး ၁၉၈၈ တွင် ယင်း အာမခံအမျိုးအစား ရပ်ဆိုင်းခဲ့ကာ ယခုနှစ်တွင် ပြန်လည်စတင် ခြင်းဖြစ်သည်။
Source: 7 days new