မလေးရှား ပြည်တွင်းထွက်ဆန်ဖြူ ဈေးမတက်ဟု ပြောကြား
မလေးရှား ပြည်တွင်းထွက်ဆန်ဖြူ ဈေးမတက်ဟု ပြောကြား
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
အချို့က အကြံပြုထားသည့်အတိုင်း ပြည်တွင်းဆန်ဖြူဈေးနှုန်းကို တစ်ကီလိုဂရမ် ရင်းဂစ် ၃.၄၀ သို့ တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ်မရှိကြောင်း မလေးရှားနိုင်ငံ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီးဌာနမှ ပြောကြားသည်။
မလေးရှားမှ ဟိုက်ပါမားကတ်များ လုပ်ငန်း Mydin မှ မန်နေးဂျင်း ဒါရိုက်တာ Datuk Ameer Ali Mydin ၏ အဆိုပြုချက်ကို တုံ့ပြန်သည့်အနေဖြင့် ဝန်ကြီးဌာနက ပြည်တွင်းဆန်ဖြူ အများဆုံး ဈေးနှုန်းကို တစ်ကီလိုလျှင် ရင်းဂစ် ၂.၆၀ ဖြင့် ဆက်လက်ပြဋ္ဌာန်းထားမည်ဟု ပြောကြားခဲ့သည်။
“ပြည်တွင်းဆန်ဖြူဈေးနှုန်း တိုးမြှင့်ပြဋ္ဌာန်းရေး အဆိုပြုချက်နဲ့ စပ်လျဉ်းပြီး ဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းဆန်ဖြူလက်လီဈေးဟာ ၂၀၀၈ ခုနှစ် ဆန် (ဈေးနှုန်းနှင့် အဆင့်အတန်း) အမိန့်နဲ့ ၁၉၉၄ စပါးနှင့် ဆန်အက်ဥပဒေတို့အရ ပြဋ္ဌာန်းထားတဲ့အတိုင်း တစ်ကီလိုဂရမ်ကို လက်လီဈေး ၂.၆၀ ရင်းဂစ်နဲ့ ဆက်လက်တည်ရှိနေတယ်ဆိုတာကို အတည်ပြုပြောကြားလိုပါတယ်" ဟု ၎င်းဝန်ကြီးဌာနမှ ပြောကြားသည်။
စက်တင်ဘာ ၂၇ ရက်က Ameer Ali Mydin သည် ဈေးကွက်ထဲ ပြည်တွင်းဆန်ဖြူ ပြတ်လပ်ခြင်း ပပျောက်စေရန်အတွက် ပြည်တွင်းဆန်ဖြူ ၁၀ ကီလိုဂရမ်လျှင် ၃၄ ရင်းဂစ်အထိ တိုးမြင့်ရန် အစိုးရအား တောင်းဆိုကြောင်း အင်္ဂလိပ်သတင်းစာ ဝဘ်မျက်နှာတွင် ဖော်ပြခဲ့သည်။
Mydin ဟိုက်ပါမားကတ် မန်နေးဂျင်း ဒါရိုက်တာ Ameer Ali Mydin က လက်ရှိ အများဆုံးဈေးနှုန်းသည် ၁၀ ကီလိုဂရမ်လျှင် ၂၆ ရင်းဂစ် သတ်မှတ်ထားရာ၌ ဈေးနည်းနေသဖြင့် ပြည်တွင်း ဆန်စက် လုပ်ငန်းရှင်များသည် ဆန်စပါး ကြိတ်ခွဲရန် စိတ်မပါကြကြောင်း ပြောကြားသည်။
“အများဆုံး ဈေးနှုန်း သတ်မှတ်ချက်ကို တိုးမြှင်ပေးရင် ဆန်စက်တွေအတွက် တွက်ခြေကိုက်စေပြီး ဆန်တွေ ဈေးကွက်ထဲ ရောက်လာမယ်။ ပြည်တွင်းဆန်ဖြူ ပြတ်လပ်မှုကို သက်သာစေမှာပါ။ ၂၆ ရင်းဂစ် ဈေးနှုန်းကို ဆက်လက် ကိုင်စွဲထားတာကြောင့် ဆန်ဖြူ ပြတ်လပ်နေတာထက်စာရင် ပိုကောင်းတဲ့ နည်းလမ်းပါ" ဟု ၎င်းက ပြောကြားသည်။
ပြည်တွင်းဆန်ဖြူဈေးနှုန်း မပြောင်းလဲသော်လည်း ပြည်ပမှတင်သွင်းသည့် ဆန်ဖြူကို ဈေးနှုန်း မြှင့်တင် သတ်မှတ်ပေးထားသည်။
တင်သွင်းသည့် ဆန်ဖြူ လက်ကားအရောင်း ဂိုဒေါင်ဈေးနှုန်းကို ၅၀ ကီလိုဂရမ် ရင်းဂစ် ၁၆၀ ဟု တိုးမြှင့် သတ်မှတ်ပေးထားသည်။
၎င်းဆန်ဖြူများကို စားသောက်ဆိုင်များ၊ စားသောက်ကုန် လုပ်ငန်းများ၊ ပြည်ပဆန်ဖြူ ရောင်းချသည့် ဆိုင်ငယ်များအနေဖြင့် ပြည်ပဆန်ဖြူကို လုပ်ငန်းသုံးအဖြစ် လိုသလောက် ဝယ်ယူရရှိနိုင်ရန်အတွက်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားသည်။
ယခုလို ပြည်ပဆန်ဖြူ ဝယ်ယူကြသဖြင့် ပြည်တွင်းဆန်ဖြူများကို လုပ်ငန်းလိုအပ်ချက်အရ အများအပြား ဝယ်ယူကြခြင်း လျော့နည်းသွားမည်။ သို့ဖြစ်ရာ လုပ်ငန်းသုံးနှင့် အိမ်ထောင်စု စားသုံးမှုတို့ကို ထိန်းညှိပေးထားနိုင်မည်ဟု ဝန်ကြီးဌာနက ပြောကြားသည်။
ဝန်ကြီးဌာနနှင့် စားသောက်ဆိုင်အသင်းများ၊ စားသောက်ကုန် လုပ်ငန်းရှင်များနှင့် အသေးစား ဆန်ဆိုင် လုပ်ငန်းရှင်များနှင့် စက်တင်ဘာ ၁၅ ရက်က ညှိနှိုင်းမှုမှ ဤသဘောတူညီချက်ကို ရရှိခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားသည်။
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Datuk Seri Mohamad Sabu က အစိုးရ၏ စွက်ဖက်မှုအမျိုးမျိုးနှင့် အစိုးရ၏ မျက်ခြည်မပြတ် စောင့်ကြည့်မှုများဖြင့် ယခု ဖြစ်ပေါ်နေသည့် ပြည်တွင်းဆန်ဖြူ ပြတ်လပ်မှုများ တစ်လအတွင်း ပပျောက်သွားပြီး ပြည်တွင်းဆန်ဖြူဈေးကွက် တည်ငြိမ်လာမည်ဟု ဝန်ကြီးဌာနက မျှော်လင့်ထားကြောင်း ပြောကြားသည်။
ပြည်တွင်းဆန်ဖြူ အထူးအစီအစဉ် Local White Rice Special Programme (PKBPT) ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော်ရာတွင် ဆန်လုပ်ငန်းကဏ္ဍမှ ထုတ်လုပ်သူ၊ လက်ကားရောင်းချသူများ နှင့် လက်လီရောင်းချသူများက ပူးပေါင်းပါဝင်ရန် ကတိကဝတ်ပြုထားကြောင်း ၎င်းက ပြောကြားသည်။
Source thestar
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL