Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ပို့မည့် ဖရဲ၊ သခွားများ အစီးရေ ၅၀ နီးပါးခန့် နေ့စဉ် စွန့်ပစ်

ကုန်သွယ်ရေးစနစ်ကြောင့် တရုတ်ပို့မည့် ဖရဲ၊ သခွားများ အစီးရေ ၅၀ နီးပါးခန့် နေ့စဉ် စွန့်ပစ်နေရ

တရုတ်နိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးစနစ် ပြောင်းလဲခြင်းကြောင့် ကြန့်ကြာမှုများဖြစ်ကာ မြန်မာစိုက်ပျိုးသီးနှံ ဖရဲ သခွား တင်ပို့သူများ အနေဖြင့် တနေ့လျှင် ကားအစီးရေ ၃၀မှ ၅၀ ပျက်စီးဆုံးရှုံးမှုဖြစ်ကာ စွန့်ပစ်နေရကြောင်း ကုန်သယ် များထံမှ သိရသည်။

နှစ်စဉ် အောက်တိုဘာမှ စကာ တရုတ်သို့ ဖရဲနှင့် သခွားများ တင်ပို့လေ့ရှိပြီး လှိုင်လှိုင်ပေါ်သည့် ရာသီချိန်မျိုး တွင် မူဆယ် ကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်သည့် အရေအတွက်မှာ နေ့စဉ် ကားအစီးရေ ၁၀၀ မှ ၁၅၀ အထိရှိပြီး၊ ယခုအခါ ကြန့်ကြာမှု များကြောင့် အရည်အသွေးမမီခြင်းနှင့်၊ ပျက်စီးသွားသည့် အသီးများကို လမ်း၌ စွန့်ပစ်နေရခြင်းဖြစ်ကြောင်း ကုန်သည်များ က ဆိုသည်။

“အခုက ဘာဖြစ်နေလဲဆိုတော့ တရုတ်ဘက်ကို မဝင်ခင်မှာ တရုတ်ကားပေါ် သန့်တင်ရတယ်၊ ဖရဲ အလုံး ၁၁၀၀ လောက် ကို အရည်အသွေးမီ သန့်လိုက်တော့ အလုံး ၃၀၀ လောက်ပဲ ပြန်ရတယ်။ အဲဒီတော့ ကျနော်တို့ အောက်က တက်တဲ့ ကား ၄ စီး လောက်မှ တရုတ်ကား တစီးစာလောက် ပြန်ရတော့ အရှုံးပဲ ဖြစ်နေတာ၊ ပယ်သီးတွေကို ပြန်မသယ်ချင်လို့ စွန့်ပစ်နေ ရတာ ဆိုတော့ တရက်ကို အနည်းဆုံး ကားအစီး ၃၀ စာလောက်ကနေ ၅၀ လောက်ထိတော့ ရှိတာပေါ့” ဟု တံတားဦး နယ်မှ ဖရဲစိုက်တောင်သူကုန်သည် တဦးက ပြောသည်။

တရုတ် နှစ်နိုင်ငံကုန်သွယ်ရေး လုပ်ငန်းများ ပြန်လည်ပတ်ရာတွင် ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှုပုံစံ ပြောင်းလဲမှုကြောင့် ယခုအခါ မူဆယ်ဇုန်သို့ ရောက်ရှိလာသော ဖရဲ၊ သခွားကားများမှာ ရက်ကြာရှည်စွာ စောင့်ဆိုင်းရသည့်အပြင်၊ ကွန်တိန်နာ သို့ ပြောင်းလဲရာတွင် အရည်အသွေးမီသည့် အသီးများကို ပြန်လည် သန့်ရသဖြင့် အပယ်သီးများကို စွန့်ပစ်နေရခြင်းဟု ကုန်သည်များက ဆိုကြသည်။

“ကွန်တိန်နာနဲ့ ခွင့်ပြုတာက မြန်မာဘက်က ၅ စီး ထွက်၊ တရုတ်ဘက်က ၅ စီးဝင်ပေါ့။ အဲဒီတော့ အောက်က တက်လာတဲ့ ကားတွေ မှန်သမျှ မူဆယ်ရောက်ရင် ကွန်တိန်နာ ပြန်ချိန်းရတာဆိုတော့ ကုန်ကျစရိတ်တွေက အရင်ကထက် နှစ်ဆ လောက်ထိ ရှိသွားပြီ။ ကုန်ကျစရိတ် အဆမတန် မြင့်နေတော့ ဘယ်လိုမှ အဆင်မပြေတဲ့အချိန် ဖရဲကားတွေဆိုရင် စောင့်ရတဲ့ ရက်ကြာတော့ နာကုန်ပြီး စွန့်ပစ်လိုက်ကြရတယ်” ဟု မူဆယ်မြို့ရှိ မြန်မာ-တရုတ် ကုန်သွယ်ရေး ဆက်စပ် လုပ်ကိုင်နေသူ ကိုပြည့်စုံက ပြောသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်ရေး ဂိတ်ပေါက် တခုဖြစ်သည့် ကျင်စန်းကျော့ ဂိတ်ပေါက်ကို နိုဝင်ဘာ ၂၆ ရက်တွင် ပြန်လည် ဖွင့်လှစ်ပေးပြီး ကုန်ပစ္စည်းများကို ကွန်တိန်နာဖြင့်တင်ဆောင်၍ ကုန်သွယ်ခွင့် ပြုသဖြင့် ကုန်ကျစရိတ်များမှာ ယခင်ကထက် နှစ်ဆ မြင့်တက်လာခြင်းဟု သိရသည်။

ထို့ပြင် တရုတ်နိုင်ငံဘက် ရက်ကြာရခြင်းမှာ မြန်မာဘက်မှ ပိုးသတ်ပြီး ထွက်သွားသည့် ကုန်တင်ယာဉ်များကို တရုတ် စစ်ဆေးရေးဂိတ် တာဝန်ရှိသူများက စိတ်ကြိုက်စစ်ဆေးပြီးမှသာ ဝင်ခွင့်ပေးသည့် ပုံစံဖြစ်နေ၍ မြန်မာ့ဖရဲ၊ သခွားမွှေးတို့မှာ လမ်းတွင် ကြန့်ကြာပြီး ဈေးကွက်သို့ အချိန်မီ ရောင်းချနိုင်ခြင်း မရှိဟု သိရသည်။

ထိုသို့ စွန့်ပစ်နေမှုကြောင့် မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ ပြည်ထောင်စု လမ်းမကြီးတလျှောက် ဖရဲသီးများ၊ အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်လျှင် တွေ့ရှိပါက ကားတစီး ဒဏ်ကြေးငွေ ငါးသောင်းကျပ်အား တင်ဆောင်လာသော ကား၏ ပွဲရုံမှ တဆင့် ဒဏ်ရိုက်မည်ဟု ထုတ်ပြန် ကြေညာထားသည်။

“အခုက ဝမ်တိန်ရောက်မှ ဈေးက သိရတာ၊ မူဆယ်ကနေ အလှည့်ရောက်ဖို့ စောင့်ရတာ ရက်ကြာလာတော့ ဖရဲသီးတွေက အရည်အသွေး ကျကုန်တယ်။ အဲဒီမှာ ကားအစီးလိုက် ပစ်လိုက်ရတာတွေ ရှိလာတာပေါ့၊ အောက်မှာ ပြန်ရောင်းဖို့ ကျ တော့လည်း အသီးမလှတော့တဲ့အပြင် ကားခနဲ့ အခြားကုန်ကျစရိတ်တွေရှိတော့ လမ်းမှာပဲ စွန့်ပစ်ခဲ့ရတော့ပေါ့၊ ဒါကို ဒဏ်ပါ ထပ်အရိုက်ခံရတယ်။ ကျနော်တို့အဖြစ်က မိအေး နှစ်ခါနာ မကတော့ဘူး” ဟု ချောင်းဦးမြို့နယ်မှ ဖရဲကုန်သည် တဦးက ပြောသည်။

ထိုသို့ လမ်းဘေးတွင် စည်းကမ်းမဲ့ စွန့်ပစ်နေမှုများကြောင့် အနံ့ဆိုးများ ထွက်လာသဖြင့် အနီးနားရှိ ရပ်ကွက်နေထိုင်သူ များက တိုင်ကြားမှုများ ရှိလာကြောင်း မူဆယ်မြို့ခံ တဦးက ပြောသည်။

မူဆယ် သစ်သီးဝလံကုန်စည်ဒိုင်မှ တာဝန်ရှိသူ တဦးက “လမ်းဘေးတွေမှာ စွန့်ပစ်နေတာ တွေ့ရင်တော့ ဒဏ်ရိုက်နေတာ အမှန်ပါပဲ။ စွန့်ပစ်ဖို့အတွက် အမှိုက်ကျင်း လုပ်ပေးထားတယ်။ အဲဒါကို တွေ့တဲ့နေရာမှာ စွန့်ပစ်နေကြလို့ ဒဏ်ရိုက်နေ တာပါ” ဟု ပြောသည်။

လက်ရှိ အချိန်ကာလသည် တရုတ်ဈေးကွက်သို့ ဝင်ရောက်နိုင်ရန် စောင့်ဆိုင်းရက်ကြာမှုကြောင့် ကျဆင်းလာသော ဖရဲ အရည်အသွေးအပေါ် ဈေးပေးမှု အခြေအနေကို စောင့်ကြည့်ရမည့်အပိုင်း ရှိနေသဖြင့် မြန်မာကုန်သည်များ သတိနှင့် ယှဉ် ၍ ကုန်သွယ်ရမည့် ကာလမျိုး ဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ် ပြောဆိုသည်။

ထို့ပြင် လတ်တလောတွင် ထိုသို့ ကြန့်ကြာမှုများနှင့် စွန့်ပစ်ရမှုများကြောင့် ဖရဲကားများ အစုလိုက်အပြုံလိုက် မဝင်တော့ဘဲ အနည်းငယ်သာ တင်ပို့မှုများကို လုပ်ဆောင်လာကြကြောင်း သိရသည်။

ချောင်းဦးမြို့မှ ဖရဲကုန်သည်က “ပျက်စီးတဲ့အသီးတွေ စွန့်ပစ်ဖို့အတွက် အမှိုက်ကျင်းက ရှိပေမယ့် လုံလောက်တဲ့ အနေ အထား မဟုတ်ဘူး။ ပြီးတော့ ကားတွေ စုရပ်ရတဲ့နေရာနဲ့လည်း ဝေးတော့ အဆင်ပြေမယ့်နေရာမှာပဲ ဒီအတိုင်း ပစ်တာ ပေါ့။ အချို့ဆိုရင် ရွှေလီချောင်းထဲ သွန်ပစ်တာမျိုးတွေ ရှိတယ်။ အခုက စည်းကမ်းသတ်မှတ်ပေးတာ မှန်ပေမယ့် စနစ်တကျ စွန့်ပစ်ဖို့ကျ အခက်အခဲ ရှိနေသေးတယ်။ အခုရက်ပိုင်းမှာတော့ ဖရဲကား အဝင်းတွေ နည်းသွားပါပြီ” ဟု ပြောဆိုသည်။

ယခုအခါ ဖရဲ ၁၂ ဘီး ယာဉ်တစီး အရင်းအနှီးသည် ကျပ်သိန်း ၈၀ ကျော်ခန့် ရှိပြီး ယခုနှစ်တွင် ကုန်သွယ်ရေး ပုံမှန် မဖြစ် ခြင်းနှင့် နိုင်ငံရေး အနေအထားအရ စိုက်ပျိုး ထုတ်လုပ်သူများသည်လည်း သွင်းအားစု ဈေးများမြင့်တက်သဖြင့် ဖရဲ တဧက စိုက်ပျိုးစရိတ်မှာ ယခင်နှစ်က ငွေကျပ် ၁၅ သိန်း ကုန်ကျရာမှ ယခုနှစ်တွင်၂၅ သိန်းဝန်းကျင်ကုန်ကျကြောင်း ဖရဲစိုက် တောင်သူများထံက သိရသည်။

ကွန်တိန်နာစနစ် ပြောင်းလဲရာတွင် ကုန်ကျစရိတ်များအနေဖြင့် ကုန်သွယ်ရေးဇုန်မှ ရွှေလွယ်အင်အထိ ၆ ဘီးကား ကျပ် ရှစ်သောင်း၊ ၁၂ဘီးကား ကျပ် ကိုးသောင်း၊ တွဲကား ကျပ်တသိန်း၊ ရွှေလွယ်အင်ကွင်းစရိတ်၊ ဆေးဖြန်းခ၊ ကားကွင်း ဝင် ကြေး၊ ကုန်ပြောင်း လုပ်သားခများအတွက် ၁၂ ဘီးကား ၃၂၀၀၀ ကျပ်၊ တွဲကား ၄၂၀၀၀ ကျပ်ခန့်နှင့် ကွန်တိန်နာကား တရက်ငှားခ တရုတ်ငွေ ယွမ် ၂၀၀၊ ကုန်တင်ခ ယွမ် ၂၀၀၊ ရွှေလွယ်အင်မှ တရုတ်နိုင်ငံကွင်းအရောက် သယ်ဆောင်ခ တရုတ်ငွေ ယွမ် ၃၈၀၀ ခန့် ကုန်ကျနိုင်သည်ဟု မြန်မာ-တရုတ်ကုန်သွယ်ရေး ဆက်စပ် လုပ်ကိုင်နေသူများက ပြောပြ သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများကို နယ်စပ်ကုန်သွယ်မှုလုပ်ငန်း၊ ပယ်လယ်ရေကြောင်း ကုန်သွယ်မှု လုပ်ငန်းတို့ဖြင့် ဆောင်ရွက်နေပြီး တရုတ်-မြန်မာ နှစ်နိုင်ငံအကြား အဓိက ကုန်သွယ်ရေး စခန်းတခုဖြစ်သည့် မူဆယ်ကုန်သွယ်ရေးစခန်းသည် ပမာဏအကြီးဆုံးဖြစ်ပြီး နယ်စပ်ကုန်သွယ်မှု လုပ်ငန်းစဉ် အားလုံး၏ ၆၀ ရာခိုင်နှုန်း ကျော် ကို နှစ်စဉ် ပုံမှန် ဆောင်ရွက်ပေးကြောင်း သိရသည်။

 

 notice.jpeg

 

Read times Last modified on Saturday, 08 January 2022 12:05
Rate this item
(0 votes)