India
ပုန်းရည်ကြီးသုပ်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ သက်သတ်လွတ်သမားများနှင့်
အသားငါးမစားချင်သူများအတွက် လွယ်လင့်တကူ သုပ်စားလို့ရနိုင်တဲ့ ပုန်းရည်ကြီးသုပ်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ပုန်းရည်ကြီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီ၊ ငရုတ်သီးစိမ်းတို့ လိုအပ်ပါမယ်။
အရင်ဆုံး ကြက်သွန်နီကို အခွံနွှာပြီး ပါးပါးလှီးကာရေဆေးပြီး ရေစစ်ထားပါ။ ကြက်သွန်ဖြူကိုလည်း ပါးပါးလှီးထားပါ။ ငရုတ်သီးစိမ်းကိုလည်း ခပ်ပါးပါးလေးလှီးထားပါ။
ပြီးလျှင် ပန်းကန်တစ်ခုထဲသို့ ပုန်းရည်ကြီးထုပ်ကို ဖောက်ထည့်လိုက်ပါ။ ပုန်းရည်ကြီးအမှုန့်ဆိုလျှင် ရေနွေးနှင့် ပျစ်ပျစ်လေးဖြစ်လာအောင်မွှေပြီး အအေးခံထားပါ။
ပြီးနောက် ပါးပါးလှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း တို့ကို ထည့်လိုက်ပါ။
ပြီးလျှင် ဆား၊ ဟင်းခတ်မှုန့်၊ ဆီ၊ ငရုတ်သီးအကျက်မှုန့်တို့ကို ထည့်ပြီး သမအောင်မွှေပေးပါ။
ပြီးနောက် အပေါ့၊ အငန် အရသာမြည်းကြည့်ပါ။ အရသာမြည်းကြည့်ပြီးလျှင် ပုန်းရည်ကြီးသုပ်ကို ထမင်းပူပူလေးနှင့် အသင့်သုံးဆောင်နိုင်ပါတယ်။