Myanmar
ချဉ်ပေါင်ကြော်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့
ချဉ်ပေါင်ကြော်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ချဉ်ပေါင်ရွက်၊ မျှစ်၊ ပုစွန်၊ ငပိစိမ်းစား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးလေးစိပ်ကွဲ၊ ငံပြာရည်၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီ၊ နနွင်းမှုန့်၊ ငရုတ်သီးစိမ်း တို့ လိုအပ်ပါမယ်။
ပထမဆုံး ချဉ်ပေါင်ရွက်ကို ထွင်ထားပါ။ ပါးပါးလှီးထားသောမျှစ်ကို ရေဆေးပြီး စစ်ထားပါ။ ပုစွန်ကို ရေဆေးသန့်စင်ထားပါ။
မီးဖိုပေါ်သို့ ဒယ်အိုးတင်၍ အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ကို ထည့်ပါ။ ဆီပူလာလျှင် ကြက်သွန်နီနှင့် ငရုတ်သီးလေးစိတ်ကွဲကိုထည့်၍ မွှေးလာအောင် ကြော်ပေးပါ။
ပြီးနောက် ပုစွန်ကိုထည့်ကြော်လိုက်ပါ။ ကျက်တာနဲ့ ချဉ်ပေါင်ရွက်ကိုထည့်ပြီး မွှေပေးပါ။
ချဉ်ပေါင်ရွက်ကိုကျေအောင်မွှေပါ။ ကျေတာနဲ့ မျှစ်ကို ထည့်လိုက်ပါ။
မျှစ်ထည့်ပြီးတာနဲ့ ငံပြာရည်နှင့် ဟင်းခတ်မှုန့်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ထည့်၍ သမအောင်မွှေပေးထားပါ။
အားလုံး သမသွားပြီဆိုတာနဲ့ အရသာမြည်းစမ်း၍ လိုအပ်သလိုပြင်ပေးကာ ချဉ်ပေါင်ရွက်ကြော်မွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ အသင့်သုံးဆောင်ပါတယ်။