Myanmar
ငါးသလဲထိုးအိုးကပ်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင်ထမင်းမြိန်စေမည့် ငါးအိုးကပ်
ချက်နည်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ငါးသလဲထိုး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးစိမ်း၊ ငံပြာရည်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးအခြောက်တောင့်၊ ငါးပိ၊ မန်ကျည်းမှည့်၊ နံနံပင်တို့ လိုအပ်ပါမယ်။
ပထမဆုံး ငါးသလဲထိုးကို ဆားနဲ့ ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။ ရေစစ်ပြီးလျှင် ငါးသလဲထိုးကို ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်တို့နဲ့ ရောနယ်ပေးပါ။
ပြီးရင် ခရမ်းချဉ်သီးကို ရေဆေးပြီး လှီးထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းကိုလည်း အခွံနွှာပြီး ရေဆေးထားပါ။
ငရုတ်သီးစိမ်းနဲ့ နံနံပင်ကိုလည်း ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။
ငရုတ်သီးအခြောက်တောင့်ကို အညှာခြွေ အစေ့ထုတ်၊ ရေနွေးနဲ့စိမ်ပြီးမှ ဆေးပေး၊ ပြီးတော့မှ ငရုတ်သီးတွေကို ညက်အောင်အရင်ထောင်းပါ။
ငရုတ်သီးညက်ပြီဆိုရင် ချင်းထောင်းထည့်ပါ။ ပြီးတော့မှ ကြက်သွန်ဖြူထည့်ထောင်း၊ နောက်ဆုံးမှ ကြက်သွန်နီကို ထည့်ထောင်းပေးပါ။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင် ဆီထည့်၊ ဆီပူလာလျှင် နနွင်းမှုန့်ထည့်၊ ပြီးတော့မှ ထောင်းထားတဲ့ ငရုတ်သီး ကြက်သွန်တို့ကိုထည့်ပြီး မီးအသင့်အတင့်နဲ့ ဆီသတ်ပေးပါ။
ဆီသတ်နံ့မွှေးပြီဆိုရင်တော့ လှီးထားတဲ့ ခရမ်းချဉ်သီးတွေကိုထည့်၍ သမအောင်ရောမွှေပြီး ခရမ်းချဉ်သီး နွမ်းသွားသည်အထိ တည်ထားပေးပါ။
ခရမ်းချဉ်သီးတွေ နွမ်းသွားပြီဆိုရင်တော့ နယ်ထားတဲ့ငါးလေးတွေကို ထည့်ပြီး ဟင်းအနှစ်တွေနဲ့ နှံ့နေအောင် ဇွန်းနဲ့ မွှေပေးရပါမယ်။
ပြီးရင်တော့ ဒယ်အိုးအဖုံးကို ခဏပိတ်ထားပြီး ငါးထဲကထွက်မယ့်အရည်ခမ်းအောင် တည်ထားပေးပါ။
ပထမတစ်ရည်ခမ်းလို့ ဆီပြန်ပြီဆိုရင်တော့ နောက်တစ်ရည်ထပ်တည်ပေးပါ။ ဆီပြန်ပြီဆိုရင် အပေါ့အငံမြည်းကြည့်ပြီး ငရုတ်သီးစိမ်းနဲ့ နံနံပင်လေးကို အပေါ်မှအုပ်၍ မီးဖိုပေါ်မှ ချနိုင်ပါပြီ။