Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဧရာဝတီမြစ်အတွင်း ငါးရှားပါးမှုနှင့် ကြုံနေရ

လတ်တလောကာလသည် တံငါးလုပ်ငန်း သမားများအတွက် နှစ်စဉ် ငါးအပေါများဆုံးရသည့်

ကာလတစ်ခုဖြစ်သော်လည်း ဧရာဝတီမြစ်အတွင်း ငါးရှားပါးမှုနှင့် ကြုံနေရသည်ဟု မကွေးဒေသခံ ရေလုပ်သားများထံမှ သိရသည်။

 

ပြီးခဲ့သည့် ၁၀ နှစ်ဝန်းကျင်အတွင်းက တံငါလှေငယ်တစ်စီးဖြင့် ပိုက်ချ၍ ငါးဖမ်းပါက တစ်ရက်လျှင် (၁၀)ပိဿာခန့်ရပြီး ယခုနှစ်တွင် တစ်ရက်(၅)ပိဿာ ရဖို့မလွယ်သည့် အခြေအနေဖြစ်နေကြောင်း ရေလုပ်သားများက ပြောသည်။

 

"ငါးတွေ ဘာလို့ရှားကုန်တာလဲ မသိဘူး။ ကိုဗစ်မဖြစ်ခင်တုန်းကတော့ ရေထဲက အဆင်မပြေရင် ကုန်းပေါ်တက် အလုပ်လုပ်လို့ရတယ်။ အခုက ကုန်းပေါ်လည်း အဆင်မပြေ၊ ရေထဲလည်း အဆင်မပြေဖြစ်နေတာ'' ဟု ရေလုပ်သားတစ်ဦး ဖြစ်သူ မအိအိထွန်းက ဆိုသည်။

 

ရာသီဥတုအခြေအနေအရ မြစ်အတွင်းသဘာဝပတ်ဝန်းကျင်များ ပြောင်းလဲလာမှု၊ မြေနုကျွန်း စိုက်ပျိုးလာမှုနှင့်အတူ ငါးတို့၏ သဘာဝနေထိုင်ရာများ ပျက်စီးမှု၊ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ အသုံးပြုလာမှု စသည့်အချက်များက မြစ်အတွင်းငါးရှားပါးမှုကို တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာစေသည်ဟု ပြောဆိုမှုဝေဖန်မှုများလည်း ရှိနေသည်။

 

"ငါးရှားတယ်ဆိုတာက အကြောင်းအမျိုးမျိုးရှိတယ်။ ရာသီဥတုနဲ့လည်း ဆိုင်တယ်။ ဖမ်းတဲ့သူတွေ များလာတာနဲ့လည်း ဆိုင်တယ်။ တရားမဝင် ငါးဖမ်းတာတွေကြောင့်လည်း ပါတယ်။ တစ်နေရာတည်းမှာ နည်းတာကို နည်းသွားတယ်လို့တော့ ပြောမရပါဘူး။ ဒီနေရာမှာ ရှားပေမယ့် နောက်တစ်နေရာမှာ ပေါချင်ပေါနေတာ'' ဟု မကွေး တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးမြင့်ရွှေက မှတ်ချက်ပြုသည်။

 

မြစ်အတွင်း ငါးရှော့တိုက်ဖမ်းဆီးသူ များလာသည်မှာ ၃နှစ်ဝန်းကျင် ရှိပြီဖြစ်ကြောင်း၊ ပိုက်တန်းထား၍ ရှော့မတိုက်ဖို့ တောင်းပန်သည်ကိုပင် ကြိမ်းမောင်းပြောဆိုမှုများခံခဲ့ရပြီး လှေပေါ်ပါမိသားစုများ အန္တရာယ်ကြုံမည်စိုး၍ ပြန်မပြောရဲဘဲ ငြိမ်နေခဲ့ရကြောင်း ရေလုပ်သားတစ်ဦးဖြစ်သူ မသင်းနုအောင်က ပြောပြသည်။

 

မကွေးတိုင်းအတွင်းရှိ ရေလုပ်သားဦးရေ (၁၅၀၀)ဝန်းကျင်ထဲမှ ရေလုပ်သား အများစုမှာ ကုန်းပေါ်တွင် နေထိုင်စရာ အိမ်ပိုင်၊ ဝိုင်းပိုင် မရှိကြဘဲ မြစ်ရေတက်ချိန်တွင် ငါးဖမ်းလှေပေါ်၌ အိမ်အဖြစ် နေထိုင်ချက်ပြုတ်စားသောက်ကြပြီး မြစ်ရေကျ၍ သောင်ခုံများ ပေါ်လာလျှင် သောင်ပေါ်တွင် တဲထိုးနေထိုင်ကြသည်ဟု ရေလုပ်သားများထံက သိရှိရသည်။

mdn

By Myanmar Food Guide

Read times
Rate this item
(0 votes)