Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဘဏ်များမှ ငွေထုတ်ရန် ခက်ခဲနေခြင်းကြောင့် ဆန်စက်လုပ်ငန်းရှင်များ စပါးသစ်ဝယ်ယူနိုင်ရန် အခက်တွေ့

စပါးသစ်ပေါ်ချိန်နီးလာသော်လည်း ဘဏ်များတွင် အပ်ထားသည့်ငွေများ ထုတ်ယူနိုင်ရန် အကန့်အသတ်ဖြင့် ရှိနေခြင်းကြောင့်

 

စပါးသစ်ဝယ်ယူနိုင်ရေးအတွက် ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်များ အခက်တွေ့နေကြကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

ယင်းဖြစ်ရပ်သည် တောင်သူများအပေါ် အကျိုးသက်ရောက်မှု ရှိလာနိုင်သည်ဟုလည်း ဆန်လုပ်ငန်းရှင်များက ပြောသည်။
“အခုချိန်က ဘဏ်တွေက ငွေကို လိုသလောက်ထုတ်မပေးဘူး။ တောင်သူက စပါးလာရောင်းရင် ကျွန်တော်တို့ ဘယ်လိုဝယ်မလဲ။ တောင်သူကို Kpayနဲ့ ရှင်းပေးလို့မရဘူး။ ငွေသားနဲ့ ပေးရမှာ အခုအပြင်မှာက ငွေသားကရှားနေတယ်။ ကျွန်တော်တို့ အချင်းချင်းတောင် တစ်ဖက်က ကုန်သည်ကို ငွေပေးဖို့ဆို အဲဒီနယ်က ရစရာရှိတဲ့သူနဲ့ ချေနှိမ်ပြီး ပေးနေကြရတယ်။ ငွေလွှဲဆိုရင် လက်မခံတာများတယ်။ တောင်သူကျ အဲဒီလိုလုပ်လို့မရဘူး။ ငွေသား လက်ငင်းချေရမှာ အဲဒီလောက်ကို ပေးချေဖို့အတွက် ငွေသားက ကျွန်တော်တို့ဆီမှာ ထုတ်မရတော့ ခက်နေပြီ။ ဒါကို ကြိုပြင်သင့်တယ်”ဟု ဧရာဝတီတိုင်းရှိ ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပဲခူးတိုင်းဒေသကြီးတွင် ဆန်စက်များ ဆက်လက်လည်ပတ်နိုင်ရေးနှင့် စပါးအသစ်ပေါ်လာချိန်တွင် လုံလောက်စွာ ဝယ်ယူနိုင်ရေးအတွက် စစ်ကောင်စီ၏ စီးပွားကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆန်စက်လုပ်ငန်းရှင်များအား
ညွှန်ကြားချက် ထုတ်ထားသည်။ ယင်းညွှန်ကြားချက်တွင် ဆန်စက်လည်ပတ်နိုင်ရန် တစ်လလျှင် သုံးစွဲရမည့် ကုန်ကြမ်းစပါးဖိုးနှင့် ကုန်ချောအတွက် လုပ်အားခမှစတင်ကာ အထွေထွေကုန်ကျစရိတ်ကို စုစည်းတင်ပြရန် ဖြစ်သည်။။
“အလုပ်မဟုတ်တဲ့ဟာကို လုပ်ခိုင်းနေတာ၊ ကိုယ်အပ်ထားတဲ့ ပိုက်ဆံဗျာ။ အချိန်မရွေးထုတ်လို့ ရရမှာပေါ့။ အခုကျတော့ ကျွန်တော်တို့ စပါးဝယ်ဖို့လိုတာ စက်လည်ဖို့ ဘယ်လောက်ကုန်မှာကို တွက်ပြီးတော့ တင်ခိုင်း လစဉ်ငွေပြန်ထုတ်ပေးနိုင်ဖို့ဆိုပြီး၊ သူတို့တွေ စီးပွားရေးပညာနဲ့ လုပ်ငန်းကို မတတ်တာ သိသာတယ်။ စပါးပေါ်ပြီဆိုတာနဲ့ အပြင်ကို ငွေသားကနေ့တိုင်း သိန်းရာနဲ့ချီထွက်နေတာ အရောင်းမှာလည်း ဒီလိုပဲ အခု စကစလုပ်နေပုံနဲ့ စပါးပေါ်ချိန်မှာ အကုန်ပြဿနာတက်မယ်။ လုပ်ငန်းတွေ ကမောက်ကမတွေ ဖြစ်ကုန်မယ်။ လယ်သမားတွေကလည်း ဒီနှစ်မှာ အတော်ဒုက္ခရောက်မှာ သူတို့မှာ ဆေးတွေကို စျေးကြီးပေးသုံးနေရတယ် ။ စျေးကြီးမပေးနိုင်သူတွေက မသုံးဘဲ လုပ်တော့ စပါးအရည်အသွေးနဲ့ ထွက်နှုန်းလည်း ဒီမှာ လုံးဝကျဆင်းသွားနိုင်တယ်”ဟု ပဲခူးတိုင်းဒေသကြီး ဆန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက်မှာ ဘဏ်လုပ်ငန်း လည်ပတ်မှုများ ရပ်တန့်နေပြီး ငွေထုတ်ယူခွင့်များကို ကန့်သတ်လိုက်ထားသည်။ ၎င်း၏ အကျိုးဆက်အဖြစ် လုပ်ငန်းအများစုသည် ရပ်တန့်သွားခဲ့ပြီး ပြင်ပတွင် ရာခိုင်နှုန်းယူ၍ ငွေထုတ်ပေးနေသည့် စျေးကွက်တစ်ခုပါ ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်သည်။

 

Mizzima - News in Burmese

Read times
Rate this item
(0 votes)