Myanmar
မုံရွာမြို့နယ်၌ ကြက်သွန်နီ ဈေးတက်သဖြင့် တစ်ပိဿာလျှင် ငွေကျပ် ၇၀၀ ရရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကြက်သွန်နီစျေးကွက်၌ ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၇၀၀ ထိရရှိနေသော်လည်း
တောင်သူများလက်ထဲ၌ ရောင်းချရန် ကြက်သွန်မရှိကြောင်း မုံရွာမြို့နယ်အတွင်းရှိ ကြက်သွန်စိုက်တောင်သူများ၏ပြောပြချက်အရ သိရသည်။
ယခင် ကြက်သွန်နီစျေးကွက်၌ ကြက်သွန်တစ်ပိဿာလျှင် ငွေကျပ် ၂၃၀ စျေးအထိ ရှိခဲ့သော်လည်း ယခု ရက်ပိုင်း၌ ကြက်သွန်နီတစ်ပိဿာဈေးနှုန်းသည် ငွေကျပ် ၇၀၀ အထိမြင့်တက်လာခဲ့ခြင်းဖြစ်သည်။
"အရင်က ကြက်သွန်နီစျေးကတော့ တစ်ပိဿာကို ငွေကျပ် ၂၃၀ လောက်ဘဲရှိတယ်။ အခုရက်ပိုင်းအတွင်းမှာ ကြက်သွန်နီစျေးတွေ ပြန်တက်လာတယ်ဗျ။ တစ်ပိဿာကို ငွေကျပ် ၇၀၀ စျေးအထိရောက်လာတယ်။ အခု လည်း ကြက်သွန်စျေးတက်တော့ ရောင်းမယ်ဆိုတော့ လက်ထဲမရှိကြတော့ဘူး။ တချို့ဆိုရင် ပုတ်တဲ့ဟာတွေ ရွေးပြီးတော့ ရောင်းချနေတယ်။ ကြက်သွန်စျေးတက်ပေမယ့်လည်း တောင်သူတွေအတွက်က အရင်စရိတ် တောင်ပြန်မရဘူး။ ရှုံးတယ်။ လာမယ့် ရှေ့နှစ်လဆိုရင် ကြက်သွန်စစိုက်ရတော့မှာပါ။ တချို့ဆိုရင် ကြက်သွန် စိုက်ဖို့ အရင်းနှီးတောင်မရှိကြဘူး" ဟု မုံရွာမြို့နယ် အောင်သာကျေးရွာမှ ကြက်သွန်စိုက်တောင်သူတစ်ဦးက ပြောသည်။
မုံရွာမြို့နယ်အတွင်းရှိ ကြက်သွန်စိုက်တောင်သူများအနေဖြင့် ကြက်သွန် တစ်ဧကလျှင် ငွေကျပ် ၁၈ သိန်း ဝန်းကျင်ခန့်ရှိပြီး တစ်ဧကထွက်နှုန်း ၅၀၀၀ ပိဿာ ရှိကြောင်း သိရသည်။
"ဒီနှစ်က ကြက်သွန်စိုက်တောင်သူတွေက အရှုံးများတယ်။ အရင်က ကြက်သွန်တစ်ပိဿာမှ ငွေကျပ် ၂၃၀ ဘဲရောင်းရတာ။ အခုကျတော့ ကြက်သွန်တစ်ပိဿာ ငွေကျပ် ၇၀၀ စျေးအထိမြင့်တက်ခဲ့တော့ တောင်သူတွေ လက်ထဲမှာ ကြက်သွန်ကမရှိကြတော့ဘူး။ လာမယ့်လတွေဆိုရင် ကြက်သွန်စိုက်ရတော့မယ်။ ကြက်သွန်စိုက်ဖို့ က ရင်းနှီးဖို့ အခက်အခဲရှိကြတယ်" ဟု မုံရွာမြို့နယ် အောင်သာကျေးရွာမှ ကြက်သွန်စိုက်တောင်သူက ထပ်မံ၍ပြောပြသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာ၊ ယင်းမာပင်၊ ချောင်းဦး၊ ရွှေဘိုနှင့် မြင်းမူမြို့နယ်တို့ ကြက်သွန်နီအများဆုံး စိုက်ပျိုးကြသည့်မြို့နယ်များဖြစ်သည်။
(People Media)



