Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်ဈေးကွက် စိုက်ပျိုးထွက်ကုန်အမျိုးမျိုး ရောင်းဝယ်ဖောက်ကားမှု အခြေအနေ

ရန်ကုန်ဈေးကွက် စိုက်ပျိုးထွက်ကုန်အမျိုးမျိုး ရောင်းဝယ်ဖောက်ကားမှု အခြေအနေ

ပဲမျိုးစုံရောင်းဝယ်ဖောက်ကားမှုအခြေအနေ

ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲ(သင်္ဘောတင်)၊ ပဲစင်းငုံ(သင်္ဘောတင်)၊ ပဲတီစိမ်းများမှာ အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် မုန်တိုင်းနှင့် မုန်တိုင်းမိုးကြောင့် ပဲစိုက်ပျိုးရာ ဒေသ များတွင် အထွက်နှုန်းလျော့ခြင်း၊ အရည်အသွေးနိမ့်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ပဲလိုအပ် ချက်များမည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်လာခြင်းကြောင့်လည်းကောင်း၊ မြန်မာပြည်တွင်း ၌လည်း ပြည်ပငွေလဲ နှုန်းများ ရုတ်တရက် မြင့်တက်လာခြင်းကြောင့် လည်းကောင်း၊ မတ်ပဲ(သင်္ဘောတင်)၊ ပဲစင်းငုံ (သင်္ဘောတင်)နှင့် ပဲတီစိမ်းတို့၏ ပြည်တွင်းဈေးနှုန်းများမှာ ယခင်ရက် သတ္တပတ်အတွင်း သိသာစွာဈေးမြင့် ခဲ့သည်။

ယခုရက်သတ္တပတ်အတွင်း ပဲစင်းငုံ(သင်္ဘောတင်) ဈေးနှုန်းများမှာ မြန်မာ၊ တန်ဇန်းနီး ယား၊ ဆူဒန်၊ မာလာဝီ နှင့် မိုဇမ်ဘစ်နိုင်ငံများမှ ပဲစင်းငုံများ အိန္ဒိယသို့ ပုံမှန် ဝင်ရောက်မှုရှိခြင်း ကြောင့် အိန္ဒိယကုန်သည်များနှင့် ပဲခွဲစက်များမှ ပဲအဝယ် လျော့နည်းခဲ့သော်လည်း မြန်မာပြည် တွင်း၌ ပဲလက်ကျန် နည်းနေချိန်ဖြစ်ခြင်း၊ ပြည်ပငွေလဲနှုန်း မြင့်နေခြင်းတို့ကြောင့် ပဲစင်းငုံ(သင်္ဘော တင်)များ ဈေးမြင့်ခဲ့ခြင်းဖြစ်သည်။ ပဲစင်းငုံ(သင်္ဘောတင်) တစ်တန်လျှင် ယခင်အပတ်ဈေးနှုန်းမှာ (၁,၄၇၅,၀၀၀)ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ (၁,၄၉၀,၀၀၀)ကျပ်ဖြစ်သည်။ ယခုရက်သတ္တပတ် အတွင်း ကုန်စည် ဒိုင်ဖွင့်ရက် (၆)ရက်ရှိခဲ့ပြီး ပဲစင်းငုံ(သင်္ဘောတင်)မှာ အရောင်းအဝယ် မရှိသ လောက် နည်းပါးခဲ့ကြောင်း သိရသည်။

မတ်ပဲ(သင်္ဘောတင်) ဈေးနှုန်းများမှာ အဓိက ဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် မိုးစိုက် မတ်ပဲအသစ်များ ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက် မှုရှိလာခြင်း၊ အိန္ဒိယအစိုးရအေဂျင်စီ (Nafed)မှ လည်း သိုလှောင်ပဲ လက်ကျန် များအား ထုတ်ရောင်းပေးမှုရှိခြင်း၊ မြန်မာမတ်ပဲများလည်း အိန္ဒိယသို့ ပုံမှန် ဝင်ရောက်မှုရှိလာခြင်း၊ အထက်ပါ အခြေအနေများကြောင့် အိန္ဒိယကုန်သည် များနှင့် ပဲခွဲစက်များမှ ပဲအဝယ်လျော့နည်းခဲ့ပြီး မြန်မာပြည်တွင်း၌ လက်ကျန် နည်းနေချိန် ဖြစ်သော်လည်း မတ်ပဲ (သင်္ဘောတင်)ဈေးနှုန်းများ ယခင်အပတ် ထက် ဈေးနိမ့်ခဲ့သည်။ မတ်ပဲ(သင်္ဘောတင်) တစ်တန်လျှင် ယခင်အပတ် ဈေးနှုန်းမှာ (၁,၈၀၅,၀၀၀)ကျပ် ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ (၁,၅၆၀,၀၀၀)ကျပ် ဖြစ်သည်။ ယခုရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် (၆)ရက် ရှိခဲ့ပြီး မတ်ပဲ(သင်္ဘောတင်)မှာ ကုန်သေတ္တာ (၃၀)လုံးခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရသည်။

ပဲတီစိမ်းမှာ ပခုက္ကူ၊ ခရမ်း၊ ပဲခူး၊ ဝါးခယ်မဒေသများမှ ဈေးကွက်သို့ ကုန်ဝင်ရောက်မှု နည်းခြင်း၊ ကိုဗစ်(၁၉) ဂယက်များကြောင့် နယ်စပ်ဂိတ်များ သို့ ကုန်စည်စီးဆင်းမှု ခက်ခဲနေရာမှ နယ်စပ်ဂိတ်အချို့ ပြန်လည် ဖွင့်လှစ်ရန် အလားအလာများ ရှိလာခြင်းကြောင့် ပြည်ပဝယ်လက်များမှ ဝယ်ယူမှုများရှိ ခြင်း၊ နယ်ဈေးကွက်များတွင် အရည်အသွေး အနိမ့်စများခြင်း၊ အရည်အသွေး အပေါ် မူတည်၍ ဈေးကောင်းပေး ဝယ်ယူမှုရှိခြင်းတို့ကြောင့် ယခင်အပတ် ထက် ဈေးမြင့် အရောင်း အဝယ်ဖြစ်ခဲ့သည်။ ယခင်အပတ်ဈေးနှုန်းမှာ ပျှမ်းမျှ အားဖြင့် (၃)တင်း/(၆၀ပိသာ)လျှင် (၁၅၅,၁၀၀) ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်း မှာ (၁၆၀,၀၅၀)ကျပ်ဖြစ်သည်။

ပဲလွမ်းဖြူ၊ ဘိုကိတ် နှင့် ထောပတ်ပဲမှာ အစိုက်နည်း၊ အထွက်နည်းသော ပဲများဖြစ်၍ ဈေးကွက်သို့ ပဲအဝင်နည်းသော်လည်း ပြည်ပဝယ်လက်များမှ ဝယ်ယူမှုနည်းခြင်း၊ အရည်အသွေး အပေါ် မူတည်၍ ဈေးပေးအဝယ်ရှိခြင်း တို့ကြောင့် ယခင်အပတ် ဈေးနှုန်များဖြင့်သာ အရောင်း အဝယ်ဖြစ်ခဲ့သည်။ ပဲလွမ်းဖြူဈေးနှုန်းမှာ ပျှမ်းမျှအားဖြင့် (၃)တင်း/(၆၀)ပိသာလျှင် (၁၄၇,၄၅၀) ကျပ်ဖြစ်ပြီး၊ ဘိုကိတ်ပဲဈေးနှုန်းမှာ ပျှမ်းမျှအားဖြင့် (၃)တင်း/(၆၀)ပိသာလျှင် (၁၁၇,၄၅၀)ကျပ်ဖြစ် သည်။ ထောပတ်ပဲဈေးနှုန်းများမှာ ပျှမ်းမျှအားဖြင့် (၃)တင်း/(၆၀)ပိသာလျှင် (၁၀၈,၀၀၀)ကျပ်ဖြစ်သည်။

ကုလားပဲဈေးနှုန်းများမှာ မြန်မာပြည်တွင်း၌ ပဲလက်ကျန်နည်းသော်လည်း ပြည်တွင်း ဝယ်လိုအား ပုံမှန်သာရှိခြင်း၊ ပြည်ပဝယ်လက်များမှ ဝယ်ယူမှုမရှိ ခြင်း တို့ကြောင့် ယခင်အပတ် ဈေးနှုန်များဖြင့်သာ ဈေးငြိမ် အရောင်းအဝယ် ဖြစ်ခဲ့သည်။ ကုလားပဲဈေးနှုန်းမှာ ပျှမ်းမျှအားဖြင့် (၁)ပိသာလျှင် (၂၁၉၀)ကျပ် ဖြစ်သည်။

ပဲမျိုးစုံ အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် တက်ဈေးစောင့်ရန် သိုလှောင် ထားသော ကုလားပဲများအား ထုတ်ရောင်းမှုများရှိလာပြီး ပိုမို အကျိုးအမြတ်များစေမည့် မိုးစိုက် ပဲအသစ်ဖြစ်သော ပဲပုတ်ကဲ့သို့သော သီးနှံများအား လက်ပြောင်းသိုလှောင်ချင်သဖြင့် သိုလှောင် ကုလားပဲများအား ရောင်းလိုအားများကာ ကုလားပဲ ဈေးနိမ့်နေခြင်းနှင့်အတူ ပဲပုတ်ပဲအား ဝယ်လိုအား များကာ ဈေးမြင့်စေခဲ့သည်။

အိမ်နီးချင်းနိုင်ငံများ၏ ဈေးကွက်အခြေအနေနှင့် ဝယ်လိုအားကြောင့် လည်းကောင်း၊ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရန် အလားအလာများ ရှိလာခြင်းကြောင့် လည်းကောင်း၊ ပြည်ပငွေလဲနှုန်း မြင့်နေခြင်းကြောင့် လည်းကောင်း၊ ပြည်ပဝယ်လက်များမှ ဝယ်ယူ မှုများရှိကာ ပဲပုတ်ပဲ ဈေးနှုန်းမှာ ယခင်အပတ်ထက် ဈေးမြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ပဲပုတ်ပဲဈေးနှုန်းမှာ (၃)တင်း/(၆၀ပိသာ)လျှင် ပျှမ်းမျှအားဖြင့် ယခင်အပတ်ဈေးနှုန်း (၁၂၇,၅၀၀)ကျပ်ဖြစ်ပြီး ယခု အပတ်ဈေးနှုန်းမှာ ပျှမ်းမျှအားဖြင့် (၁၃၂,၄၅၀)ကျပ်ဖြစ်သည်။


အစေ့ထုတ်ပြောင်းရောင်းဝယ်ဖောက်ကားမှုအခြေအနေ

အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ အိမ်နီးချင်း နိုင်ငံအချို့တွင် အစေ့ထုတ်ပြောင်း လိုအပ်ချက်ရှိနေခြင်း၊ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရန် အလားအလာများ ရှိလာခြင်းကြောင့် ပြည်ပဝယ်လက်များမှ ဝယ်ယူမှုရှိခြင်း၊ ပြည်ပငွေလဲနှုန်း မြင့်နေခြင်းကြောင့် နယ်စပ်ပေါက်ဈေးများ မြင့်လာခြင်း၊ ပြည်တွင်း၌ ပြောင်းအဟောင်းလက်ကျန် အလွန်နည်းလာခြင်း၊ ပြောင်းသစ်အချို့ အဝင်ရှိသော်လည်း ကုန်အဝင်နည်းသေးခြင်း၊ ပြည်တွင်း အစာစပ်လုပ်ငန်းများမှ ပုံမှန် ဝယ်ယူမှုရှိ ခြင်းတို့ကြောင့့် အစေ့ထုတ်ပြောင်း ဈေးနှုန်းများမှာ ယခင်အပတ်ထက် ဈေးမြင့်ခဲ့သည်။ ယခင်အပတ် အစေ့ထုတ်ပြောင်း (၅၄)ပိသာ၏ ပျမ်းမျှဈေးနှုန်းမှာ (၃၇,၂၆၀)ကျပ် ဖြစ်ပြီး ယခုအပတ် အစေ့ထုတ်ပြောင်း ပျမ်းမျှဈေးနှုန်းမှာ (၅၄)ပိသာလျှင် (၄၀,၅၀၀)ကျပ် ဖြစ်သည်။

 

ဆန်ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

ဆန်မျိုးစုံဈေးကွက်တွင် နယ်စပ်ဂိတ်များမှ ဝယ်ယူမှုများသော ငစိန်ဆန် နှင့် ဧည့်မထဆန် အမျိုးအစားများမှာ နယ်စပ်ဂိတ်များသို့ ကုန်စည်စီးဆင်းမှု ခက်ခဲနေဆဲဖြစ်ခြင်း၊ ပင်လယ် ရေကြောင်းမှ တင်ပို့ရာတွင်လည်း ကွန်တိန်နာရှားပါးမှုကြောင့် ဆန်တင်သင်္ဘောစရိတ်များ မြင့်နေခြင်း၊ ပြည်ပငွေလဲနှုန်း မတည်ငြိမ်ခြင်းတို့ကြောင့် အရောင်းအဝယ်အေးကာ ဈေးနှုန်း တည်ငြိမ်လျက်ရှိသည်။ ပြည်တွင်း စားသုံးမှုများသော ကျန်ဆန် အမျိုးအစားများမှာ ဆန်ဟောင်း လက်ကျန်နည်းလာချိန်ဖြစ်ခြင်း၊ စားသုံးသူများမှ ဝယ်လိုအား များခြင်းတို့ကြောင့် ဈေးနှုန်းအမြင့် များဖြင့်သာ တည်ငြိမ်လျက်ရှိသည်။ ပြည်ပငွေလဲနှုန်း ဈေးမြင့်နေခြင်းကြောင့် ပြည်ပမှ တင်သွင်း ရသော သွင်းအားစုများ ဈေးမြင့်နေခြင်း၊ စိုက်ပျိုးစရိတ်များ မြင့်လာခြင်းနှင့် ရာသီဥတု အခြေအနေ များကြောင့် စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းလာမည်ဟု ခန့်မှန်းမှုများလည်းရှိခဲ့ပြီး သိုလှောင် စားသုံးရန် ပိုမိုဝယ်ယူမှုများလည်း ရှိနိုင်ကြောင်းသိရသည်။

ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ဒေးဒရဲ၊ ကွမ်းခြံကုန်း၊ ဝါးခယ်မ၊ ကော့မှူး၊ တွံတေး၊ မြောင်းမြ၊ ကျိုက်လတ်၊ လပွတ္တာ၊ ရွှေဘိုဒေသ များမှ ဆန်အဝင် လျော့နည်းခဲ့ကြောင်း သိရသည်။

 

စားသုံးဆီရောင်းဝယ်ဖောက်ကားမှုအခြေအနေ

စားသုံးဆီ ဈေးကွက်အနေဖြင့် စားအုန်းဆီ ထွက်ရှိရာ ဒေသများတွင် ရာသီဥတု ဖောက်ပြန်မှုများနှင့် ကိုဗစ်(၁၉)၏ အကျိုးသက်ရောက်မှုများကြောင့် စားအုန်းဆီ ထုတ်လုပ်မှုများ လျော့နည်းလာခဲ့ပြီး၊ ကမ္ဘာ့စားအုန်းဆီ ဈေးနှုန်းများလည်း ပြန်လည် မြင့်တက်ခဲ့သည်။ မြန်မာနိုင်ငံသို့လည်း တင်သွင်းဈေး မြင့်လာခြင်းကြောင့် လည်းကောင်း၊ ပြည်ပငွေလဲနှုန်း မြင့်တက်လာခြင်းကြောင့် လည်းကောင်း စားအုန်းဆီ ဈေးနှုန်းများ ယခင်အပတ်ထက် ဈေးမြင့်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပြည်တွင်း ထွက်ရှိသော မြေပဲဆီ အမျိုးအစားများမှာလည်း ယခင်အပတ်ထက် အနည်းငယ်စီ ဈေးမြင့်ခဲ့သည်။ ယခင်အပတ် စားအုန်းဆီ (၁)ပိသာ၏ လက်ကားဈေးနှုန်းမှာ (၄,၇၀၀)ကျပ် ဖြစ်ပြီး၊ ယခုအပတ် ဈေးနှုန်းမှာ (၄,၇၃၀)ကျပ် ဖြစ်သည်။

လက်ရှိကာလတွင် ပြည်တွင်း၌ စားအုန်းဆီ လက်လီဈေးနှုန်းများ (၅,၅၀၀)ကျပ်ခန့် အထိ ဈေးမြင့်နေခြင်းကြောင့် စားသုံးသူများ အဆင်ပြေစေရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးဆီများကို ဈေးကွက်အတွင်း သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။ ပြည်တွင်း၌ စားအုန်းဆီ သုံးစွဲမှုမှာ တနှစ်လျှင် တန်ချိန်(၁၀)သိန်းကျော် ရှိခြင်းကြောင့် နှစ်စဉ် တန်ချိန်(၆)သိန်းမှ (၇)သိန်းကြားအား မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ အဓိက တင်သွင်းရ ကြောင်း သိရသည်။

 

Market Information Service- DOP- MOALI

 
Read times Last modified on Tuesday, 12 October 2021 08:34
Rate this item
(0 votes)