Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စမုန့်နှမ်းအနက် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၅၀၀၀၀ ခန့်အထိ ဈေးတက်နေ

မန္တလေးကုန်စည်ဒိုင် စျေးကွက်တွင် စမုန့်နှမ်းအနက်များ အောက်တိုဘာလဆန်းမှစပြီး စျေးတက်လာခဲ့ရာ သုံးတင်းဝင်တစ်အိတ်လျှင်

ကျပ် ၅၀၀၀၀ ခန့်အထိ စျေးတက်နေကြောင်း ကျန်မြေပဲဆန်နှင့် ပဲတီစိမ်းတို့လည်း အရောင်းအဝယ်ကောင်းနေသည်ဟု မန္တလေးမြို့ ပဲကုန်သည်များထံက သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက နိုင်ငံခြားငွေစျေးနှုန်း မြင့်တက်ခဲ့သောကြောင့် ပြည်ပသို့တင်ပို့သည့် ပဲအမျိုးအစားများဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံတို့သည် စျေးမြင့်တက်ခဲ့ကြောင်း၊ စက်တင်ဘာလကုန်ပိုင်းက မတ်ပဲသုံးတင်းဝင် တစ်အိတ်လျှင် ကျပ်နှစ်သိန်း၊ ပဲစဉ်းငုံ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ်တစ်သိန်းခွဲ၊ ပဲတီစိမ်း ပုံမှန်စ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၄၀၀၀၀ အထိ စျေးမြင့်တက်ခဲ့ရာမှ နိုင်ငံခြားငွေစျေးနှုန်း ပြန်လည်ကျဆင်းလာကြောင်း၊ တရုတ်နိုင်ငံ နယ်စပ်ဂိတ်မှ ပိတ်ထားသောကြောင့် ပြည်တွင်းရှိ ပဲသီးနှံများ စျေးပြန်လည်ကျခြင်းမဟုတ်ကြောင်း၊ တရုတ်နိုင်ငံဘက်သို့ ပြီးခဲ့သည့် သြဂုတ်လကတည်းက တင်ပို့ရောင်းချမှုကို ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံဘက်သို့ လာအိုနိုင်ငံဘက်မှ တဆင့်တင်ပို့ခြင်းနှင့် ရေကြောင်းလမ်းဖြင့် တင်ပို့နေခြင်းရှိကြောင်း မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

“စျေးကွက်က လောလောဆယ် နှမ်းစျေး အရောင်းအဝယ် ဖြစ်နေတာပါ။ ကျန်တဲ့ပဲစျေးတွေက စမုန့်နှမ်းအနက်က ၁၅၀၀၀၀ ကနေ ၂၅၀၀၀၀ ကြား အရောင်းအဝယ်ဖြစ်ကြတယ်။ အလတ်စနှမ်းက ၂၀၀၀၀၀ စျေးထိပ်စနှမ်း ၂၅၀၀၀၀ စျေးရှိတယ်။ စျေးတက်တာက တစ်ပတ်လောက်ရှိပြီ။ နှမ်းစျေးပြန်တက်နေတာ။ အောက်တိုဘာလဆန်းကနေ လက်ရှိအချိန်ထိဆို စမုန့်နှမ်းစျေးကတအိတ်ကို ကျပ် ၅၀၀၀၀ လောက်စျေးပြန်တက်တယ်။ စမုန့်နှမ်းအနက် ပေါ်ဦးပေါ်ဖျားတုန်းက ကျပ် ၁၇၀၀၀၀ ကျော် စျေးရှိတယ်။ ထိပ်စစျေးပေါ့။ နောက်ပြီး စျေးကွက်ထဲ အရောင်းအဝယ်ကောင်းနေတာ လုံးဆန်မြေပဲဆန်အဖြူ အရောင်းအဝယ် ကောင်းတယ်။ ပစ္စည်းကောင်းတဲ့ပေါ်မူတည်ပြီး တပိသာ ၂၇၀၀ ကျပ်ကနေ ကျပ် ၃၁၀၀ အထိစျေးရှိတယ်။ တရုတ်ပြည်ကို သင်္ဘောနဲ့ တင်ပို့နေတယ်။ မြေပဲဆန်စျေးက စျေးတက်လိုက်ကျလိုက်ပါ။ အခုရက်ပိုင်း အရောင်းအဝယ် ကောင်းနေကြတယ်။ မတ်ပဲစျေးကျတယ်။ မတ်ပဲတအိတ်ကို ကျပ် ၁၄၅၀၀၀ စျေး ပဲစင်းငုံစျေး တအိတ်ကို ၁၂၀၀၀၀ စျေး အရောင်းအဝယ်အေးတယ်။ ကုလားပဲ အုပ်စုဝင်ပဲတွေ စျေးအပြောင်းအလဲ မရှိဘူး။ ပဲတီစိမ်းက ရန်ကုန်ဘက်သွားတယ်။ အခုရက်ပိုင်း ကုန်စည်ဒိုင်မှာ မြေပဲဆန်၊ ပဲတီစိမ်း၊ နှမ်းအနက်တို့ အရောင်းအဝယ်ဖြစ်နေကြတယ်။ မြေပဲဆန်အသစ်တွေ စျေးကွက်ထဲ ဝင်ရောက်နေတာရှိပါတယ်။ ကျန်တဲ့ပဲတွေ မပေါ်သေးဘူး” မန္တလေး ပွဲစား၊ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

news-eleven.com

 

 

 

Read times
Rate this item
(0 votes)