Myanmar
မန္တလေးဈေးကွက် လယ်ယာထွက်ကုန် ဈေးနှုန်းများ
မန္တလေးဈေးကွက် လယ်ယာထွက်ကုန် ဈေးနှုန်းများ
မန္တလေးဈေးကွက်ရောင်းဝယ်ဖောက်ကားမှုအခြေအနေ
ဆန်ဈေးကွက်အခြေအနေ
မန္တလေး ကိုင်းတန်းဈေး ဆန်ပွဲရုံများတွင် ရန်ကုန်ပေါ်ဆန်း အသစ်များ လှိုင်လှိုင်ဝင်ရောက်ပြီး တစ်အိတ်လျှင် ၄၀၀၀၀ ကျပ် ၊ ရွှေဘိုပေါ်ဆန်းမှာ အသစ်မဝင်သေးဘဲ အဟောင်းများသာရောင်းဝယ်မှုရှိပြီး တစ်အိတ်လျှင် ၅၃၀၀၀ ကျပ် ၊ ရွှေဘိုမနော် အဟောင်းတစ်အိတ်လျှင် ၄၇၀၀၀ ကျပ် ဖြင့် ရောင်းဝယ်နေပါသည်။မနောသုခဆန်များ အသစ်နှင့်အဟောင်း နှစ်မျိုးလုံး တွေ့ရပြီး အသစ် တစ်အိတ် ၂၇၀၀၀ ကျပ် ၊ အဟောင်းတစ်အိတ် ၃၂၀၀၀ ကျပ်ဖြင့် လူလတ်တန်းစားအများသုံးအဖြစ် ဝယ်ယူမှု များနေပါသည်။ငစိန်ဆန် နှင့် ဇီယာဆန်မှာ ရန်ကုန် ဘုရင့်နောင်ပွဲရုံမှတစ်ဆင့် ဝင်ရောက်ပြီး ငစိန်အဟောင်း တစ်အိတ် ၂၅၅၀၀ ကျပ် ၊ မြို့တွင်းမုန့်လုပ်ငန်းရှင်များ ဝယ်ယူမှုများပြီး ဇီယာဆန် အဟောင်းတစ်အိတ် ၂၈၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပါသည်။မိုးမိတ် ၊ ဗန်းမော် ၊ ရွှေကူသို့လည်း ပုံမှန်တင်ပို့မှုရှိကြောင်း သိရသည်။
ဆီထွက်သီးနှံနှင့်ဆီဈေးကွက်အခြေအနေ
မန္တလေးကုန်စည်ဒိုင်တွင် ဆီထွက်သီးနှံများအနက် မြေပဲ(လုံးဆန်) အဝင်ပုံမှန်၊ မြို့တွင်း လုပ်ငန်းသုံးပုံမှန်ဖြစ်ပြီး ပြည်ပတင်ပို့မှုမှာလည်း ဆက်သွယ်ရေးအခက်အခဲများကြောင့် နှောင့်နှေးခြင်း တို့ကြောင့် ၁၀၀ ပိဿာ လျှင် ၂၈၅၀၀၀ ကျပ် ၊ မြေပဲ(ဆီဆန်)မှာလည်း ဆီစက်သမားဝယ်ယူမှုပုံမှန် သာရှိခြင်းကြောင့် ၁၀၀ ပိဿာ ၂၅၇၅၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်နေသည်။ နှမ်းအုပ်စုမှာလည်း အသစ်ဝင်ရောက်မှုရှိခြင်း၊ ပြည်ပတင်ပို့မှုနည်းခြင်း၊ ဆီစက်သမား ဝယ်ယူမှုပုံမှန်သာရှိခြင်းကြောင့် နှမ်းဖြူ ၄၅ ပိဿာ ၁၃၈၇၅၀ ကျပ်၊ နှမ်းညို ၁၂၀၅၀၀ ကျပ်၊ နှမ်းနက် ၄၅ ပိဿာ ယခင်အပတ် ၁၃၂၅၀၀ ကျပ် မှ ၁၂၅၅၀၀ ကျပ် အသီးသီးဈေးနိမ့်နေသည်။ ပန်းနှမ်းအသစ်များ ဝင်ရောက်မှုရှိပြီး ပင်လယ်ရေကြောင်းမှ အိန္ဒိယပို့ရန် အဝယ်ရှိခြင်းကြောင့် ၄၅ ပိဿာ ၇၉၀၀၀ ကျပ်သို့ ဈေးမြင့်လာပြီး နေကြာမှာ အရောင်းအဝယ်အေးသဖြင့်၂၇ ပိဿာ ၅၈၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ဆီဈေး နှုန်းအနေဖြင့် ပဲဆီ ၅၅၀၀ ကျပ် မှ ၆၀၀၀ ကျပ်၊ နှမ်းဆီ ၆၀၀၀ ကျပ်၊ ပဲပုတ်ဆီ ၃၅၀၀ ကျပ်၊ နေကြာဆီ ၆၀၀၀ ကျပ်၊ စားအုန်းဆီ ၄၄၄၀ ကျပ်၊ မုန်ညှင်းဆီ ၅၀၀၀ ကျပ် မှ ၅၅၀၀ ကျပ်ဈေးအသီး သီးဖြင့် ရောင်းဝယ်မှုပုံမှန်ရှိနေသည်။
ပဲမျိုးစုံရောင်းဝယ်မှုအခြေအနေ
မန္တလေးကုန်စည်ဒိုင်တွင် မတ်ပဲ(သစ်)များ အဝင်ရှိသော်လည်း အိန္ဒိယပို့ရန် ရန်ကုန် ဝယ်လက်ရှိခြင်းကြောင့် မတ်ပဲ (၆၀) ပိဿာ ၁၂၀၀၀၀ ကျပ်သို့လည်းကောင်း၊ ပဲစဉ်းငုံ(နီ) ၆၀ ပိဿာ ၁၀၃၀၀၀ ကျပ်သို့ ဈေးမြင့်လာသည်။ပဲတီစိမ်း(အညာ)မှာ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ဖြင့် ၅၆.၂၅ ပိဿာ ၁၁၉၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပါသည်။ ပဲပုတ်(မြန်မာ/ရှမ်း)တို့မှာ အသစ်မဝင်သေးခြင်း၊ ပစ္စည်းရှားခြင်းကြောင့် ပဲပုတ်(မြန်မာ) ၅၃.၂၅ ပိဿာ ၁၆၇၆၆၆ ကျပ်သို့လည်းကောင်း၊ ပဲပုတ် (ရှမ်း) ၅၃.၂၅ ပိဿာ ၇၀၀၀၀ ကျပ် မှ ၁၁၄၀၀၀ ကျပ် အရည်အသွေးပေါ်မူတည်ရောင်းချရာ ပျမ်းမျှ ၉၈၀၀၀ ကျပ်ဈေးရှိကြောင်း သိရသည်။
ကုလားပဲအုပ်စုဖြစ်သော ကုလားပဲ(လုံးဖြူကြီး)မှာ မြို့တွင်းလုပ်ငန်းသုံး နှင့် စက်သမား အဝယ်များခြင်း၊ အသစ်မဝင်သေးသဖြင့် ပစ္စည်းရှားခြင်းတို့ကြောင့် ၅၇.၂၅ ပိဿာ ၁၄၀၀၀၀ ကျပ်၊ လုံးဝါကြီး ၅၆.၂၅ ပိဿာ ၁၂၄၀၀၀ ကျပ်၊ ကုလားပဲ(ခွဲခြမ်း) မြို့တွင်းစားသုံးမှုများခြင်းကြောင့် တစ်ပိဿာ ၂၈၅၀ ကျပ် မှ ၃၀၀၀ ကျပ်သို့ ဈေးမြင့်နေပါသည်။
ပဲယင်းအသစ်မဝင်သေးခြင်း၊ ပစ္စည်းနည်းခြင်းကြောင့် ၆၀ ပိဿာ ၁၀၆၀၀၀ ကျပ်မှ ၁၀၇၀၀၀ ကျပ်သို့ ဈေးမြင့်လာပြီး မြေတောက်ပဲအသစ်များဝင်ရောက်ပြီး အရည်အသွေးကောင်းခြင်းကြောင့် ၅၄ ပိဿာ ၁၆၅၀၀၀ ကျပ်သို့ ဈေးမြင့်နေသည်။စားတော်ပဲ(ကျွန်း)အသစ်မဝင်သေးခြင်း၊ ပစ္စည်းရှားခြင်းကြောင့် ၅၉.၂၅ ပိဿာ ၃၀၀၀၀၀ ကျပ် ဈေးသာရှိပြီး ယူကရိန်း ၁၅၂၀၀၀ ကျပ်နှင့် ကနေဒါ ၁၈၄၀၀၀ ကျပ်တို့ကိုသာ လက်လီသမား အဝယ်ရှိသည်ကို တွေ့ရသည်။ထောပတ်ပဲ(ကြီး/သေး)၊ ပဲကြီး (ကြီး/သေး) အသစ်များ၊ မလှိုင်၊ မြင်းခြံဘက်မှ ဝင်ရောက်မှုရှိပြီး အရည်အသွေးကောင်း သောကြောင့် ပဲကြီး (ကြီး) ၅၅.၂၅ ပိဿာ အရည်အသွေးပေါ်မူတည်၍ ပဲကြီး(ကြီး) ၅၅.၂၅ ပိဿာ ၂၆၀၀၀၀ ကျပ်၊ ထောပတ်ပဲ(ကြီး) ၅၆.၂၅ ပိဿာ ၁၃၅၀၀၀ ကျပ် မှ ၁၄၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။စစ်ကိုင်းတိုင်းဘက်မှ ပဲလွန်းဖြူ(သစ်)များဝင်ရောက်ပြီး အရောင်းအဝယ်ပုံမှန်ဖြစ် သဖြင့် ၆၀ ပိဿာ ယခင်အပတ် ၁၅၀၀၀၀ ကျပ် မှ ယခုအပတ် ၁၄၁၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
ကိုင်းတန်းဈေးစားဖိုဆောင်သီးနှံရောင်းဝယ်မှုအခြေအနေ
မန္တလေး ကိုင်းတန်းဈေး ကြက်သွန်ပွဲရုံများတွင် ယခုအပတ် မြစ်သားကြက်သွန်များအပြင် မြင်းခြံ ၊ ပခုက္ကူ တို့မှ ပါဝင်ရောက်မှုရှိသဖြင့် မြစ်သား ကြက်သွန်(ကြီး) တစ်ပိဿာ ၁၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်သော်လည်း ကြက်သွန် (လတ်) တစ်ပိဿာ ၉၀၀ ကျပ် မှ ၈၀၀ ကျပ် သို့ လည်းကောင်း ကြက်သွန်(သေး) တစ်ပိဿာ ၆၀၀ ကျပ် မှ ၅၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ကြက်သွန်ဖြူ (တရုတ်)များ အဝင်များပြီး မြို့တွင်းသုံးပုံမှန်သာရှိခြင်းကြောင့် တစ်ပိဿာ ၅၂၀၀ ကျပ် မှ ၄၈၀၀ ကျပ်သို့ ဈေးနိမ့်နေသည်။ အာလူး၊ အိုကေ၊ အေဝမ်း၊ ဆွဲတို့ အဝင်နည်းပြီးဈေးမြင့်သဖြင့် အရောင်းအဝယ် ဖြစ်မှုနည်းပြီး တရုတ်အာလူးများကိုသာ တစ်ပိဿာ ၁၇၀၀ ကျပ်ဖြင့် ရောင်းဝယ်နေပါသည်။ ငရုတ် ခြောက် (ရှည်) များ ကျောက်ဆည်မှ ဝင်ရောက်ပြီး တစ်ပိဿာ ၄၅၀၀ ကျပ်၊ ငရုတ်ခြောက်(လတ်) တစ်ပိဿာ ၄၈၀၀ ကျပ် နှင့် ဆင်ဖြူကျွန်းမှ ငရုတ်ခြောက်(ပွ)များ အရည်အသွေးလှပမှုပေါ်မူတည်၍ တစ်ပိဿာ ၇၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ် ဈေးဖြင့် မြို့တွင်းသုံးနှင့် မန္တလေးအနီးဝန်းကျင်မှ ဝယ်ယူ မှုရှိပါသည်။
ဟင်းသီး/ရွက်နှင့်သစ်သီးဝလံဈေးကွက်အခြေအနေ
မန္တလေး သီရိမာလာဈေးပွဲရုံများတွင် ခရမ်းချဉ် (ရှမ်းတောင်) ရာသီကုန် အဝင်မရှိသလောက်နည်းသွားပြီး ၂၀ ပိဿာ တစ်သေတ္တာ ၄၅၀၀၀ ကျပ် မှ ၅၀၀၀၀ ကျပ် ၊ မုံရွာ ၊ ညောင်ပင်ဝန်းမှ ထိုင်ဝမ်သီးများ လှိုင်လှိုင်ဝင်ရောက်ပြီး ဒေသစုံပေါ်ချိန်ဖြစ်၍ နယ်ဝေးတင်ပို့ရမှု မရှိဘဲ မြို့တွင်းသုံးမျှ
သာရှိပြီး တစ်ပိဿာ ၂၀၀၀ ကျပ် ဈေးရှိပါသည်။ မုံရွာ၊ ချောင်းဦးမှ ငရုတ်စို(ရှည် နှင့် လတ်) များမှာ လည်းအထွက်များပြီး ရန်ကုန်နှင့် နယ်စုံမှဝယ်ယူမှုနည်း၍ အဝင်များခြင်း၊ မြို့တွင်းလက်ဖက်၊ ငပိထောင်းလုပ်ငန်းသမားနှင့် လက်လီသမား အဝယ်သာရှိခြင်းကြောင့် ငရုတ်စို(ရှည်) တစ်ပိဿာ ၁၀၀၀ ကျပ်၊ ငရုတ်စို(လတ်) တစ်ပိဿာ ၁၆၀၀ ကျပ်သို့ ဈေးနိမ့်နေသည်။
ပန်းမုံလာ၊ ဂေါ်ဖီထုတ်များ အဝင်များသော်လည်း လမ်းပန်းဆက်သွယ်ရေးကြောင့် ကားခဈေးမြင့်သဖြင့် ဂေါ်ဖီတစ်ထုတ် ၁၂၀၀ ကျပ်၊ ပန်းမုံလာ တစ်ပွင့် ၇၀၀ ကျပ်၊ ဘိုစားပဲ တစ်ပိဿာ ၁၆၀၀ ကျပ်၊ ခါကျက်ဥ တစ်ပိဿာ ၂၀၀၀ ကျပ် သို့ ဈေးအသီးသီး မြင့်နေသည်။မုံလာဥများလည်း ဝင်ရောက်မှုများလာပြီး တစ်အိတ် ၁၀၀၀၀ ကျပ် (၅ ဥတွဲ ၄၀ စည်း)ဖြင့် ရောင်းချနေကြောင်း တွေ့ရသည်။
သစ်သီးဝလံဈေးနှုန်းအနေဖြင့် သီပေါဘက်မှ နာနတ်သီးများ အဝင်များပြီး တစ်လုံးလျှင် ၂၅၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။လိမ္မော်သီးများ လှိုင်လှိုင်ဝင်ရောက်ပြီး အရည်အသွေးပေါ်မူတည်၍၁၀၀ ပိဿာ ၁၅၀၀၀၀ ကျပ် မှ ၂၅၀၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။ ယိုးဒယားဘက်မှ စပျစ်သီးများ ၄ ပိဿာဝင် ပလတ်စတစ်ခြင်းများဖြင့် ဝင်ရောက်ပြီး တစ်ခြင်းလျှင်၂၀၀၀၀ကျပ် မုံရွာ နှင့် မန္တလေးဝန်းကျင် မှ ဖရဲသီးများ အဝင်များပြီး အသီးအရည်အသွေးပေါ်မူတည်၍ တစ်လုံး လျှင် ၅၀၀ ကျပ် မှ ၈၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေပါသည်။



