Myanmar
မှိုအစပ်ချက်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူပြုလုပ်နိုင်တဲ့
မှိုအစပ်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကန်စွန်းရွက်၊ ကောက်ရိုးမှို၊ ငရုတ်သီးစိမ်းနီ၊ ကြက်သွန်ဖြူ၊ ဆီ၊ ငါးငံပြာရည်၊ ခရုဆီ၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်တို့ လိုအပ်ပါမယ်။
ပထမဆုံး ကန်စွန်းရွက်ကို သင်ပြီး ရေဆေးသန့်စင်ထားပါ။ ပြီးလျှင် ကောက်ရိုးမှိုကို ရေဆေးပြီး ထက်ခြမ်းလေးဖြစ်အောင် ခွဲထားပါ။
ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနီကို မညက်တညက်လေးထောင်းပေးပါ။
ပြီးလျှင် ဒယ်အိုးတစ်လုံးမှာဆီထည့် ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းနီကိုဆီသတ်ပါ။
မွှေးလာလျှင် ရေဆေးပြီး ထက်ခြမ်းခြမ်းထားထားတဲ့မှိုတွေ ထည့်ကြော်ပါ။
ပြီးနောက် ငါးငံပြာရည်၊ ခရုဆီ၊ သကြား၊ ဟင်းခတ်မှုန့်တို့ထည့်ပြီး အရသာအဆင်ပြေမပြေ မြည်းကြည့်ပါ။
ပြီးရင်တော့ ကန်စွန်းရွက်လေးထည့်မွှေပြီးရင်တော့ ငရုတ်ကောင်းမှုန့်လေးဖြူးလိုက်ပါ။
ကန်စွန်းရွက်လေးတွေနူးပြီး မှိုကျက်သွားပြီဆိုရင်တော့ ထမင်းမြိန်စေမည့် မှိုအစပ်ချက်လေးကို သုံးဆောင်နိုင်ပါတယ်။