Myanmar
မုန့်ပျားသလက်
ဒီကနေ့ပြုလုပ်မည့်အကြောင်းကတော့ ဆိုင်တွင်ဝယ်စားစရာမလိုဘဲ အိမ်တွင်လည်း မိသားစုဆုံတုန်းပိတ်ရက်လေး လုပ်စားနိုင်တဲ့
မုန့်ပျားသလက်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ဆန်ကြမ်း၊ ဆား၊ ဆော်ဒါ၊ ထန်းလျှက်၊ မြေပဲဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ဆန်ကို တစ်ညရေစိမ်၍ ကြိတ်လိုက်ပါ။ ရလာတဲ့ မုန့်နှစ်ကို ဆားနှင့် ဆော်ဒါ ရောစပ်၍ အသွင်နှစ်မျိုးဖောက်ရပါလိမ့်မယ်။
တစ်မျိုးကတော့ မုန့်နှစ်တွင် ရေရောပြီး ထမင်းရည်ပျစ်ပျစ်ပုံစံဖောက်ပီး ကျန်တစ်မျိုးကတော့ ကျိုထားတဲ့ ထန်းလျက်နှင့် မုန့်နှစ်ကိုရောပြီး အနည်းငယ် ကျဲကျဲသဏ္ဍာန် ဖောက်ရပါလိမ့်မယ်။
ပြီးလျှင် အင်တွဲကို အမှုန့်ကြိတ်ထားပါ။ ပြီးနောက် အ၀တ်ထူထူထပ်၍ ထုပ်စည်းထားသော အ၀တ်ထုပ်လေးကိုပါ ပြုလုပ်ထားရန် လိုအပ်ပါမယ်။
မုန့်ဖုတ်ရန်အတွက် မုန့်ဖုတ်စလောင်းနှင့် အရွယ်တူသည့် မုန့်ဖုတ်အိုးငယ်လေးကို ပူအောင် ပထမဦးဆုံး ပြုလုပ်ရပါမယ်။ အိုးပူလျှင်တော့ အင်တွဲမှုန့်ကို အ၀တ်ထုပ်ဖြင့် ဖိ၍ သုပ်လိုက်ပါ။
မုန့်နှစ်အဖြူရည်ကို ဇွန်းဖြင့်ခပ်ယူ၍ ငါးလက်မအနေခန့်ရအောင် ဖြန့်ထည့်လိုက်ပါ။
ပြီးမှ အပေါ်တွင် ထန်းလျက်ရည်ပါသော ခပ်ကျဲကျဲမုန့်ရည်ကို အောက်ခံမုန့်သား အနားစွန်းချန်ပြီး ထည့်ပေးရပါမယ်။
မုန့်ဘေးနှုတ်ခမ်းသားများပါးပြီး အလယ်သားမှာ ထူနေစေရပါမယ်။ မုန့်အိုးကို စလောင်းဖြင့် ဖုံးလိုက်ပါ။
မိနစ်အနည်းငယ်ခန့်နေလျှင် အဖုံးပြန်ဖွင့်ပြီး ဆီရိုက်ပေးပါ။
(ဥပမာ-၀ါးချွန်ထိပ်တွင် အ၀တ်ငယ်ပတ်ပြီး ဆီတို့နှစ်ထားသည့်အချောင်းဖြင့် မုန့်သားမျက်နှာပြင်ကို အနှံ့တို့ထိလိုက်ပါ)။ မုန့်ကျက်လျှင် သံယောင်းမဖြင့် ကော်၍ ယူလိုက်ပါ။
ပြီးလျှင်တော့ အရသာရှိတဲ့ မုန့်ပျားသလက်ပူပူလေးကို ရေနွေးပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။