Myanmar
မုန့်တီကြော်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူပြုလုပ်နိုင်ပြီး အသစ်အဆန်းစားချင်သူများအတွက်လည်း အဆင်ပြေစေမည့် မုန့်တီကြော်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကြက်သား၊ နန်းကြီး၊ ကြက်သွန်ဖြူ၊ ဆီ၊ မုန်လာဥနီ၊ ဂေါ်ဖီ၊ ငရုတ်သီးအတောင့်ပွနီ၊ ပဲပင်ပေါက်၊ တရုတ်နံနံ၊ ငရုတ်ကောင်းမှုန့်၊ ခရုဆီ၊ သကြား၊ ပဲငံပြာရည်၊ ဆား၊ တရုတ်နှမ်းဆီမွှေး၊ ငရုတ်သီးအမှည့် တို့ လိုအပ်ပါမယ်။
ပထမဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီး ဆား၊ သကြား တို့ နှင့် ရောနယ်ထားပါ။
ပြီးလျှင် ဒယ်အိုးထဲကိုဆီထည့် ဆီပူလာလျှင် ကြက်သွန်ဖြူထည့်၍ ဆီသတ်ပေးပါ။
ကြက်သွန်ဖြူနံ့မွှေးလာလျှင် ကြက်သားထည့်ပြီး မုန်လာဥနီကိုပါ ထည့်ကြော်လိုက်ပါ။
ကြက်သားအရောင်ပြောင်းသွားပါက နန်းကြီးကိုဖြန့်ပြီး ဒယ်အိုးထဲသို့ ထည့်ကြော်လိုက်ပါ။
ပြီးလျှင် ပဲငံပြာရည်၊ ခရုဆီ၊ သကြား၊ ဆား၊ ငရုတ်ကောင်းမှုန့် တို့ထည့်ပြီး နှံ့အောင် ဇွန်းယောင်းမနှင့် မွှေပြီး ပြီးနောက် ငရုတ်ပွအနီတောင့်၊ ဂေါ်ဖီကို ထည့်ကြော်ပေးပါ။
ဂေါ်ဖီကျက်လာပါက ပဲပင်ပေါက်ထည့်၍ မီးအနေတော်နှင့်ကြော်ပြီး နှမ်းဆီမွှေးအနည်းငယ်ထည့်ကာ တရုတ်နံနံပင်ထည့်ကြော်ပြီးလျှင်တော့ အရသာရှိတဲ့ မုန့်တီကြော်ကို ရေနွေးပူပူလေးနှင့် တွဲဖက်သုံးဆောင်နိုင်ပါတယ်။