Myanmar
မြေအိုးမြီးရှည်ပြုလုပ်နည်း
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင် သွားရောက်စားသောက်စရာမလိုဘဲ
အိမ်တွင်လည်း လုပ်စားနိုင်တဲ့ မြေအိုးမြီးရှည်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကြက်သားရင်အုပ်၊ ၀က်အူချောင်း၊ ငုံးဥ၊ ကိုက်လန်၊ မုန်လာဥနီ၊ မုန်ညှင်းဖြူ၊ ပန်းမုန်လာ၊ အစိမ်းရောင်ပန်းမုန်လာ၊ ကျောက်ပွင့်၊ ကြွက်နားရွက်မှို၊ အသားတု၊ မြီးရှည်အခြောက်ဖတ်၊ အဖြူရောင်အပြားခေါက်ဆွဲဖတ်၊ ပဲပြားခြောက်၊ ပဲပြား၊ ဆား၊ ဟင်းခတ်မှုန့်၊ ပဲငပိအစပ်၊ မုန်ညှင်းချဉ်၊ ဟွာကျောင်းအမှုန့်၊ ငရုတ်ကောင်းတို့ လိုအပ်ပါမယ်။
ပထမဆုံး ကြက်သားရင်အုပ်ကို ရေဆေးသန့်စင်ပြီးလျှင် ဆား၊ ဟင်းခတ်မှုန့်တို့နှင့်နယ်၍ မိနစ်အနည်းငယ် ပြုတ်ထားပါ။
ပြုတ်ပြီးကျက်ပြီဆိုလျှင် ရင်အုပ်မှ အသားများကို နွှာ၍ အတုံးသေးသေးဖြစ်အောင်တုံးထားပါ။
ရင်အုပ်အရိုးကို ကြက်ပြုတ်ရည်အိုးထည့်ပြီး မီးအေးအေးဖြင့် ဆက်တည်ထားပါ။
ပြီးလျှင် ကြက်ပြုတ်ရည်အိုးကို ရေပြန်ဖြည့်ထားပါ။ ပြီးနောက် မြီးရှည်အခြောက်ဖတ်၊ ပဲပြားခြောက်၊ ကျောက်ပွင့်၊ ကြက်နားရွက်၊ အသားတုတို့ကို တစ်နာရီခန့်ကြာအောင် ရေစိမ်ထားပါ။
ပြီးလျှင် ကြိုက်နှစ်သက်ရာ အသီးအရွက်များကို အရွယ်တော်လှီးဖြတ်ထားပါ။
မုန်ညှင်းချဉ်ကို အတုံးအသေးလေးတွေဖြစ်အောင်လှီးထားပါ။
မြေအိုးမြီးရှည်ပြုလုပ်ဖို့အတွက် မြေအိုးကို မီးဖိုပေါ်တင်၍ အပူပေးထားပါ။ ပဲငပိအစပ်ကို ထည့်လိုက်ပါ။ ပြီးနောက် အတုံးအသေးလေးတွေတုံးထားတဲ့ ကြက်သားကိုထည့်ပြီး ပဲငပိနှင့် သမအောင်ရောမွှေပေးပါ။ ပြီးလျှင် မုန်ညှင်းချဉ်ကိုထည့်လိုက်ပါ။ ကြက်ပြုတ်ရည်ကို မြေအိုးရဲ့တစ်ဝက်ကျော်ကျော်လောက်အထိ ထည့်လိုက်ပါ။
ပြီးလျှင် ဟွာကျောင်းနှင့် ငရုတ်ကောင်းမှုန့်ကို ထည့်လိုက်ပါ။ ပြီးနောက် ရေစိမ်ထားသော မြီးရှည်အခြောက်ဖတ်၊ ပဲပြားခြောက်၊ ကျောက်ပွင့်၊ ကြက်နားရွက်၊ အသားတုတို့ကို ထည့်ပြုတ်လိုက်ပါ။ ပြီးရင် ပဲပြား၊ လှီးထားသော အသီးအရွက်များ နှင့် ငုံးဥတို့ကို ထည့်၍ ပြုတ်ပြီး အဖုံးအုပ်ထားပါ။
နူးပြီဆိုရင်တော့ မီးဖိုပေါ်မှချ၍ ပူပူနွေးနွေး ချဉ်စပ် မြေအိုးမြီးရှည်ကို မိသားစုစုံလင်စွာဖြင့် အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်။