Food & Livestock

ထိုင်းနိုင်ငံ Khon Kaen University မှ အကောင်အထည်ဖော် ဆောင်ရွက်မည့် LMC Strengthening Dairy Innovation (SDI) Programme စီမံကိန်းကို လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ နို့လုပ်ငန်းအသင်းမှ ထုတ်ပြန် ကြေညာထားသည်။

 

အဆိုပါ စီမံကိန်းကို လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကာ လန်ချန်း - မဲခေါင် မြစ်ဝှမ်းဒေသအတွင်းရှိ တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံများမှ နို့စားနွား မွေးမြူရေးနှင့် နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းများကို အဆင့်မြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်သည်။ 

 

စီမံကိန်းအရ…

  • သက်ဆိုင်ရာ နိုင်ငံများမှ မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ နို့စားနွားမွေးမြူသူများ၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်သူများအား နည်းပညာသင်တန်းများ ပို့ချပေးခြင်း၊ 
  • နည်းပညာဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ 
  • မဲခေါင် - လန်ချန်းဒေသတွင်း နိုင်ငံများအကြား နို့စားနွားမွေးမြူရေးနှင့်၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးဆိုင်ရာ ကွန်ယက် ဖွဲ့စည်းတည်ထောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

Advertisement

Click Here > Myanmar Ranpu

 

စီမံကိန်းအရ ဖွင့်လှစ်မည့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ၂၀၂၄ ခုနှစ်၊ မေလတွင် စတင်နိုင်ရန် ပြင်ဆင်ထားရှိပြီး အဆိုပါသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများသို့ မြန်မာနိုင်ငံမှ သင်တန်းသားများ စေလွှတ်နိုင်ရေးအတွက် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ နို့လုပ်ငန်းအသင်းတို့က သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ဆက်သွယ် ညှိနှိုင်း ဆောင်ရွက်လျက် ရှိသည်။

 

ထို့ကြောင့် စိတ်ပါဝင်စားသည့် နို့စားနွားမွေးမြူသူများ၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်သူများအနေဖြင့် သင်တန်းသွားရောက်နိုင်ရန် နိုင်ငံကူးလက်မှတ် အပါအဝင် အခြားလိုအပ်နိုင်သည့် စာရွက်စာတမ်းများကို ကြိုတင် ပြင်ဆင်ထားရန်လည်း အသိပေး ကြေညာထားသည်။ 

 

စီမံကိန်းမှ သင်တန်းသားများ ခေါ်ယူသည့်အခါ  မြန်မာနိုင်ငံ နို့လုပ်ငန်းအသင်းမှ  အချိန်နှင့် တပြေးညီ ထပ်မံ ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ပြီး လျှောက်လွှာများကို စီမံကိန်းတာဝန်ရှိသူများက ပြန်လည်စီစစ်ကာ သင်တန်းတက်ရောက်ခွင့် ရရှိသူ များကို ရွေးချယ် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

Published in Food & Livestock