Fruits & Vegetables
အရောင်းမထွက်သည့် ပြောင်းဖူးစိမ်းများ ရွှေလီမြစ်ထဲသို့ စွန့်ပစ်
မူဆယ်ခရိုင် နမ့်ခမ်းမြို့ (၇) မိုင်ခန့် အကွာရှိသည့် နောင်ခန်ကျေးရွာ ရွှေလီမြစ်ကူး နောင်ခန်ကူးတို့ဆိပ်တွင် ထော်လာဂျီဖြင့် တရုတ်ပြည်သို့ တင်ပို့ရောင်းချနေသည့် ပြောင်းဖူးစိမ်း များမှာ ဝယ်သူမရှိသဖြင့် ပြောင်းဖူး စိမ်းများအား ရွှေလီမြစ်ထဲသို့ စွန့်ပစ် ခဲ့ရကြောင်း သိရှိရသည်။
ယခုရာသီချိန် တောင်သူများ စိုက်ပျိုးထားသည့် သကြားပြောင်းဖူး (ခေါ်)ပြောင်းဖူးစိမ်းများကို ပြောင်းဖူး ပေါ်ချိန်ရောက်ရှိသည့်အတွက် နမ့်ခမ်း မြို့ရှိ နောင်ခန်ကျေးရွာ ရွှေလီမြစ်ကူး နောင်ခန်ကူးတို့ဆိပ်မှ တစ်ဆင့်တရုတ်ပြည် နယ်စပ်ဖြစ်သည့် နောင်ချိန်ကျေးရွာနှင့် ဟတ်ဟင်ကျေးရွာတို့သို့ တင်ပို့ရောင်းချရန် ထော်လာဂျီများဖြင့် တင်ဆောင်လာရာ ကိုဗစ်-၁၉ ရောဂါကြောင့် ( တရုတ်ပြည်မှ နယ်စပ်ဝင်ပေါက်များ တင်းကျပ်စွာ ပိတ်ပင်ထားသည့် အတွက် ပြောင်းဖူးများရောင်းမထွက် ခြင်း၊ ဝယ်ယူသူမရှိခြင်းတို့ကြောင့်ပြောင်းဖူးများကို နောင်ချိန်ကျေးရွာရှိ လမ်းဘေးနေရာနှင့် ရွှေလီမြစ်ထဲသို့ စွန့်ပစ်ခဲ့ကြခြင်းဖြစ်သည်။
ယခင်နှစ်က ပြောင်းဖူးတစ်တန် လျှင် တရုတ်ယွမ်ငွေ ၃၀၀၀ ပေးဝယ် ခဲ့ရာ ယခုနှစ် ပြောင်းဖူးပေါ်ချိန် တရုတ်ပြည် နယ်စပ်ဝင်ပေါက်များမှ ( ကိုဗစ်-၁၉ ရောဂါကြောင့် တင်းကျပ်စွာ ပိတ်ပင်ထားသည့်အတွက် ပြောင်းဖူးစိမ်းဈေးမရခြင်း၊ ရောင်း မထွက်ခြင်း၊ တောင်သူများ အရှုံးပေါ် ခြင်းနှင့် ပြောင်းဖူးများ နှစ်ရက် သုံးရက် ကြာမြင့်စွာခူးယူထားပြီး ပျက်စီးသည့်အတွက် စွန့်ပစ်မည့် နေရာများ အခက်အခဲရှိသည့်အတွက် ကြောင့် လမ်းဘေးနေရာနှင့် ရွှေလီမြစ်ထဲသို့ စွန့်ပစ်ရခြင်းဖြစ်ကြောင်း ပြောင်းဖူး တင်ပို့ရောင်းချသူတစ်ဦး ထံမှ သိရသည်။
ရွှေလီမြစ်ထဲသို့ စွန့်ပစ်သည့် ပြောင်းဖူးများသည် ကျွဲခေါင်း ထော်လာဂျီအစီးရေ ၅၀ ခန့် ရှိပြီး ပြောင်းဖူးတန်ချိန်၇၅တန်ခန့်ရှိကြောင်း သိရသည်။
Myanma Alinn Daily