Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ကြံတစ်တန်လျှင် ကျပ် ၂၀၀၀ ဈေးကျသော်လည်းစိုက်ပျိုးတောင်သူတို့အဆင်ပြေလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် ကြံအများဆုံးစိုက်ပျိုးလျက်ရှိရာ ယခုနှစ် ဥက္ကံသကြားစက်သို့ ကြံတင်ပို့ရာ၌ တစ်တန်လျှင်ကျပ် ၄၀၀၀၀ ဈေးနှုန်းရရှိသောကြောင့်

၂၀၂၀ ပြည့်နှစ်ထက် ကျပ် ၂၀၀၀ ကျဆင်းသော်လည်း စိုက်ပျိုးတောင်သူတို့ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဆယ်ဘီးယာဉ်ကြံကားတစ်စီးလျှင် ၂၅ တန်မှ ၃၅ တန်ထိတင်ဆောင်၍ စက်ရုံတွင် ချိန်တွယ်ရာ လက်ရှိပေါက်ဈေးထက် ဈေးနှုန်းကျဆင်းခြင်း၊ အလှည့်ကျစောင့်ဆိုင်းရပြီး နှစ်ရက်မှသုံးရက်ထိအချိန်ပေးရခြင်း တို့ကြောင့် ကြံများကုန်ချိန်လျော့သည့်အတွက် မြို့အဝင်ဂိတ်များကိုဖြတ်သန်းရာ၌ ကြံရာသီတွင် တန်ပိုတင်ဆောင်ခွင့်ရရှိပါက ကြံဈေးနှုန်းကျဆင်းမှုလုပ်အားခနှင့်သယ်ယူစရိတ်အတွက် အနည်းငယ် ခုသာခံသာဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ကြံသကာချက်သော လုပ်ငန်းကို လွန်ခဲ့သော နှစ် ၂၀ က ဥက္ကံမြို့၌ တွင်ကျယ်စွာလုပ်ကိုင်ခဲ့ရာ မိမိစိုက်ပျိုးသောကြံဖြင့် ကြံသကာချက်၍ ဥက္ကံဈေးသို့တင်ပို့မှုဖြင့် တိုက်ကြီးမြို့နယ်တွင် ကြံစိုက်တောင်သူများ စီးပွားဖြစ်ခဲ့ကြောင်း၊ သကြားစက် ပေါ်ထွန်းချိန်တွင် ကြံသကာချက်သောလုပ်ငန်းရပ်ဆိုင်းခဲ့ပြီး ပြည်တွင်းသကြားဈေးကွက် ဈေးနှုန်း မတည်ငြိမ်မှုကြောင့် စိုက်ပျိုးထုတ်လုပ်မှုကျဆင်းခဲ့ရာ စပါးထက်ငွေရလွယ်ကူခြင်းနှင့် ရေမလိုအပ်ခြင်းကြောင့် တစ်နှစ်စိုက် သုံးနှစ်စားသီးနှံအဖြစ် စိတ်အားထက်သန်စွာစိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။

“သုံးဧကစိုက်တာမနှစ်ကတစ်တန် ကျပ် ၄၂၀၀၀ ရတယ်။ ဒီနှစ်မနေ့ကသကြားစက်ကိုသွင်းတော့ ကျပ် ၂၀၀၀ ဈေးကျသွားတယ်။ ပြီးခဲ့တဲ့ နတ်တော်လကစပြီးပြန်စိုက်ခဲ့တာ အခုနတ်တော်မှာ ပြန်ခုတ်တယ်။ တစ်နှစ်စိုက်ရင်သုံးသီးစားရတဲ့အတွက် စပါးထက်တော့ တွက်ခြေကိုက် တယ်ပြောရမယ်။ တစ်ဧကကို ၁၀ သိန်းနီးပါးကုန်တယ်။ ဒီနှစ်အမြတ်နည်းတယ်လို့ပြောရမယ်။ အလုပ်သမားခ၊ သယ်ယူစရိတ်နဲ့သိပ်မကျန်ဘူး။ စပါးလိုချေးငွေမရှိဘူး ကိုယ့်အရင်းအနှီးနဲ့စိုက်ရတာဆိုတော့သကြားစက်တွေများလာရင် တောင်သူတွေပိုပြီး အကျိုးရှိနိုင်တယ်။ အရင်းအနှီးများပေမယ့်ဈေးရမယ်ဆိုရင်ဒီဒေသမှာအရင်လို ကြံစိုက်တောင်သူတွေနဲ့ပြန်စည် ကားလာမှာ အမှန်ပဲ။ လက်ဖျားကငွေသီးဖို့တောင်သူတွေစောင့်နေတာ”ဟု ဥက္ကံမြို့စမ်းရွာမှ အဘဦးသန်းအေးက ပြောသည်။

တိုက်ကြီးမြို့နယ်တွင် စိုက်ပျိုးသောချက်ကြံများမှာ တစ်ဧကလျှင် ၃၅ တန်ထွက်ရှိပြီး လက်ရှိပေါက်ဈေး ဖြင့် တစ်ဧကလျှင် ကျပ် ၄ သိန်းအမြတ်ရသော်လည်း စိုက်ပျိုးစရိတ်၊ သယ်ယူစရိတ်၊အလုပ်သမားခဖြင့် ဧကများစွာ စိုက်ပျိုးသောတောင်သူများသာ ပို၍အကျိုးဖြစ်ထွန်းပြီး ရေမရသောနေရာများတွင် စပါးအစား ကြံကိုတောင် သူများတိုးချဲ့စိုက်ပျိုးလိုသော်လည်း သကြားစက်များလိုအပ်ခြင်း၊ ပြည်တွင်းသကြားဈေးကွက် ရရှိမှုနှင့် အရည်အသွေးမီသော ပြည်ပပို့ကုန်အဖြစ်ထုတ်လုပ်ပါက ကြံစိုက်တောင်သူများ လက်ဖျားကငွေသီးမည်ဖြစ် ကြောင်း သိရသည်။ နေပြည်တော်ပျဉ်းမနားမြို့နယ် အမှတ်(၂)ပျဉ်းမနားသကြားစက်သို့ ကြံတစ်တန်လျှင် ၃၉၀၀၀ ကျပ်ဖြင့် တင်သွင်းလျက်ရှိပြီး ဥက္ကံသကြားစက်မှ တစ်တန်လျှင်ကျပ် ၄၀၀၀၀ ဖြင့်ဝယ်ယူလျက်ရှိသည်။ ကြံသီးနှံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ပါက ပြည်တွင်းသာမက ပြည်ပစားသုံးမှုများသောသကြား ထုတ်လုပ်မှုဖြင့် ကြံစိုက်တောင်သူများဝင်ငွေတိုးစေမည်ဖြစ်ပြီး စွမ်းရည်မြှင့်သကြားစက်များတည်ဆောက်လည်ပတ်မှုနှင့်အရည်အသွေးမီကြံများစိုက်ပျိုး ထုတ်လုပ်လျက်ခိုင်မာသောဈေးကွက် တည် ဆောက်နိုင်ပါက သကြားထုတ်လုပ်မှုမှ နိုင်ငံခြားဝင်ငွေရရှိမည်ဖြစ်သည်။ “ဒီနှစ်ကြံဈေးကျတယ်။ ဒီနှစ် သနပ်ချောင်းအုပ်စုကိုကြံတန်ချိန် ၇၄ တန်ဝယ်တယ်။ အခြားအုပ်စုတွေလည်းသတ်မှတ်တန်ချိန်အတိုင်းသကြားစက်ကိုပို့ရတာ။ စက်ရုံထဲဝင်ဖို့စောင့်နေတာ၂ ရက်ရှိပြီ။ ဆယ်ဘီးယာဉ်တစ်စီးကိုကြံ ၃၅ တန်ထိတင်ဆောင်ပြီး စက်ရုံက ၂၅ တန်ထိလက်ခံတယ်။ တစ်တန်ကိုပို့ ဆောင်ခကျပ် ၁၀၅၀၀ ရတယ်။ အဓိကစက်ရုံနဲ့ဈေးကွက်ပေါ့။ တောင်သူတွေ ဈေးရရင်ကျွန်တော် တို့ကားသမားတွေလည်းအဆင်ပြေပြီ”ဟု သနပ်ချောင်းအုပ်စုမှ ယာဉ်မောင်း ကိုမျိုးမင်းသူက ပြောသည်။ တိုက်ကြီးမြို့နယ်တွင် သနပ်ချောင်းအုပ်စုမှာ ကြံစိုက်ပျိုးမှုအများဆုံးဖြစ်ပြီး ဧက များစွာစိုက်ပျိုးသော ကုမ္ပဏီများလည်းရှိရာ ဈေးနှုန်းမတည်ငြိမ်မှုကြောင့် စိုက်ပျိုးမှုလျော့နည်းလာသော်လည်း ကျေးရွာများမှ တောင်သူများမှာဆက်လက်စိုက်ပျိုးလျက်ရှိ၍ ဒီဇင်ဘာလဆန်းပိုင်း၌ ချက်ကြံတစ်တန်လျှင် ကျပ် ၄၀၀၀၀ ဈေးဖြင့် ဥက္ကံသကြားစက်သို့တင်ပို့လျက်ရှိရာ အမြတ်နည်းသော်လည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

myotaw.news

Read times
Rate this item
(0 votes)