Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


သနပ်ဖက်လုပ်ငန်း

မြန်မာနိုင်ငံသားတို့သည် သနပ်ပင်ကို မြင်ဖူးချင်မှ မြင်ဖူးပေလိမ့်မည်။ သို့သော် သနပ်ဖက်ကိုတော့မမြင်ဖူးသူ ရှားပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သနပ်ဖက်ဆေးပေါ့လိပ်ကို သောက်သုံးသူ များသောကြောင့် ဖြစ်သည်။
သနပ်ဖက်သည် တောင်ကလမက် ပင်ကဲ့သို့ မိုရာဂျီနာစီအီး မျိုးရင်းဝင် ပင်စောက်မျိုးဖြစ်သည်။ ရုက္ခဗေဒ အမည်အားဖြင့် ယင်းကို ကောဒီယာဒိုင်ခိုတိုမာ ဟုခေါ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း မိုင်ပွန်နယ်ဒေသ လုံတွေ၊ နောင်ဖက်၊ ကောင်းလိုင်၊ ကောင်းယော၊ တောင်ကွဲ၊ နန်းလီ၊ မိုင်းကြင်၊ ပန်လျင်း၊ နန်းမော်မား၊ ဟူမိန်း၊ မိုင်းကြည်၊ နန်းကွပ်၊ ပန်းလင်းစသော အရပ်ဒေသများအပြင် နန်းခုပ်ဒေသများနှင့်ဟိုပုံးဒေသများတွင် အပေါက်များသည်။
သနပ်ဖက်လုပ်ငန်းသည် ရှမ်းပြည်နယ်၏ အဓိကစီးပွားရေး လုပ်ငန်းတစ်ရပ်ဖြစ်ပြီး တောများတောင်များကို ရှင်းလင်းပြီး သနပ်ဖက်ပင်များကို စိုက်ပျိုးကြသည်။ သနပ်ပင်တစ်ခြံလျှင် အပင်ရေ ၅၀ မှ ၄၀၀၀ အထိစိုက်ပျိုးကြသည်။ ရေမဝပ်သော တောင်ခါးပန်းများတွင်စိုက်ပျိုးကြပြီး ပြာသို၊ တပို့တွဲလများတွင် မြေရှင်းမီးရှို့၍ ကဆုန်လတွင် မြေဆွကာ မျိုးကျဲကြသည်။ အပင်ပေါက်ကလေးများ နှစ်တောင်ထွာခန့် ရှိသောအခါ နုတ်၍မူလပင်မ မြစ်ရှည်တစ်ခုသာထား၍ ဘေးသို့ဖြာထွက်နေသော အမြစ်များ ဖြတ်တောက်ပြီးလျှင် တစ်ပင်နှင့် တစ်ပင် ၂ ပေခန့်စီ ခြား၍စိုက်ပျိုးကြသည်။
သနပ်ပင်များ စိုက်ပျိုးရာတွင် မြေဩဇာထည့်ပေးခြင်း၊ မြေဆွပေးခြင်း၊ ပေါင်းမြက်များ နုတ်ပေးခြင်းတို့ ပြုလုပ်နိုင်လျှင် ပို၍ကောင်းသည်။ အပင်များအပေါ်တက်၍ အကိုင်းအခက်များ ဝေဖြာလာသောအခါ ပင်မကိုင်းကြီး နှစ်ကိုင်းသုံးကိုင်းသာချန်၍ ကျန်ကိုင်များကို ရှင်းပေးရပြီး အရွက်များ ပိုးမစားစေရန် ပိုးသတ်ဆေး အကြိမ်ကြိမ် ဖျန်းပေးရသည်။ အပင်ဖြစ်ထွန်းလျှင် သုံးနှစ်သားမှစ၍ အရွက်များခူးရပြီး စိုက်ပျိုးသည့်မြေညံ့လျှင် ၄ နှစ်သားကျမှ အရွက်များခူးရတော့သည်။ သနပ်ပင် တစ်ပင်လျှင် အရွက်ရေ ၃၀ မှ ၄၀ အထိထွက်သည်။ သနပ်ဖက်ကို ဝါဆို၊ ဝါခေါင်၊ တော်သလင်းလများ၌ ခူးရပြီး တစ်နှစ်လျှင် လေး ကြိမ်ခူးရသည်။
သနပ်ဖက်ကို ဆေးလိပ် လိပ်ရာတွင် အရွက်အစိမ်းအတိုင်း အသုံးမပြုရပေ။ ဦးစွာဖက်ခူး အရွက်မှောက်၍ အကြောကလေးများကို တစ်ရွက်ချင်းသင်ပေးရသည်။ အကြောသင်ပြီး ဖက်များကို မြေလုံဖိုရှည်ကြီးပေါ်၌ တင်ထားသော အပတ်ဝိုင်းထားသည့် ဒယ်ပြားထဲ ထည့်၍လှော်ရသည်။ တစ်ဖိုတွင် ၁၀ ဒယ်မှ ၁၂ ဒယ်အထိရှိပြီး တစ်ဒယ်တွင်ဖက်ရွက် ၁၅ ရွက်ခန့်စီကာ အပေါ်မှ သဲထုပ်ဖိ၍ လှော်ရသည်။ လှော်ပြီးသားဖက်ရွက်များကို အကြီးအသေး ခွဲခြားပြီး ကျကျနနထုပ်ပိုးပြီးပါက ပွဲရုံများသို့ ရောင်းချနိုင်သည်။ တစ်ပိဿာလျှင် ဖက်ရွက်အသေး ကျပ် ၆၀၀၀ နှင့် အကြီး ကျပ် ၇၀၀၀ ရောင်းချရကြောင်းသိရသည် တစ်နှစ်လျှင် သနပ်ဖက် ပိဿာချိန် ၁၂၀၀ အထိ ထွက်ရှိပြီး ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်တွင် အများဆုံးစိုက်ပျိုးကာ ဧကပေါင်း ၇၀၀၀ ကျော်စိုက်ပျိုးထားကြောင်း သိရသည်။

The Mirror Daily

 

Read times
Rate this item
(0 votes)