Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်-ဘူဖေး ဆိုင်က လက်ခံဖို့ ငြင်းဆန်ခံရသူ

ဝက်ခြေထောက်တွေနဲ့ ပုစွန်တွေ တဝသွားစားပြီးတဲ့နောက် ဆိုင်က မလာတော့ဖို့ အတားခံလိုက်ရပါတယ်။

တထိုင်တည်း အစားအသောက်တွေ အများကြီး စားနိုင်လွန်းလို့ ဘူဖေး အဝစားအကင်ဆိုင်က သူ့ကို အလာမခံတော့ဘဲ နာမည်ပျက်စာရင်းသွင်းခံလိုက်ရတယ်လို့ တရုတ်အမျိုးသား တစ်ယောက်က ပြောပါတယ်။သူက အစားအသောက်တွေစားပြပြီး အွန်လိုင်းမှာ တိုက်ရိုက်တင်ဆက်တဲ့ တရုတ်နိုင်ငံက food blogger တယောက်ပါ။

ဆိုင်မှာရှိတဲ့ အစားအစာတွေ တဝတပြဲစားသောက်ပြီးတဲ့နောက်ပိုင်း ချန်ရှာမြို့မှာရှိတဲ့ ဟန်တာတီ အဝစား ပင်လယ်စာအကင်ဆိုင်က သူ့ကို တားမြစ်လိုက်တယ်လို့ မစ္စတာ ကန်လို့ သိကြတဲ့ အဲဒီအမျိုးသားက ဟူနမ်တီဗီသတင်းဌာနကို ပြောပါတယ်။

ပထမဆုံးအကြိမ် အဲဒီဆိုင်ကို သွားစားတုန်းက ဝက်ခြေထောက် တစ်ကီလိုခွဲကို စားခဲ့ပြီး နောက်တခေါက်မှာတော့ ပုစွန် လေးကီလိုခွဲ စားခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီစားသောက်ဆိုင်ဟာ အစားအများကြီး စားနိုင်လွန်းသူတွေကို ခွဲခြားဆက်ဆံတယ်လို့လည်း မစ္စတာကန်က ပြောပါတယ်။

"အစားအများကြီး စားနိုင်တာ အပြစ်လားဗျာ။ ဘာများမှားနေလို့လဲဗျာ။ ကျွန်တော့်ကြောင့် ဘယ်အစားအသောက်မှ အလဟဿ ဖြစ်မသွားပါဘူး" လို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ စားသောက်ဆိုင်ပိုင်ရှင်ကတော့ မစ္စတာ ကန်ဟာ သူ့ကို မွဲဆေးဖော်နေတာလို့ ပြောပါတယ်။

"သူဒီကိုလာတိုင်း ကျွန်တော် တရုတ် ဝမ်ငွေ ရာချီ အရှုံးပေါ်တယ်" လို့လည်း ဆိုပါတယ်။

"ပဲနို့သောက်ရင်တောင် သူက ဘူး ၂၀၊ ၃၀ သောက်နိုင်တာဗျ။ ဝက်ခြေထောက်စားရင်လည်း လင်ပန်းတပန်းလုံးကို သူက စားနိုင်တယ်။

"ပုစွန်ဆိုရင်လည်း တခြားသူတွေက ညှပ်လေးသုံးပြီး ထည့်ကြတယ်။ သူကတော့ လင်ပန်းကြီးယူပြီး ပုစွန်တွေ ထည့်သွားတာ" လို့လည်း ပြောပါတယ်။

အွန်လိုင်းမှာ အစားအသောက်စားပြသူတွေအားလုံးကို စားသောက်ဆိုင် လာခွင့်မပြုတော့ဘူးလို့လည်း သူက ထပ်လောင်းပြောဆိုလိုက်ပါတယ်။

ဒီဇာတ်လမ်းဟာ တရုတ်နိုင်ငံရဲ့ လူမှုကွန်ရက်မှာ အတော်လေး ပေါက်သွားခဲ့ပြီး ဝေဘို (Weibo) လူမှုကွန်ရက်မှာ ကြည့်ရှုသူပေါင်း သန်း ၂၅၀ ကျော်သွားခဲ့ပြီး သဘောထားအမြင်တွေလည်း အမျိုးမျိုး ရှိခဲ့ပါတယ်။

 

တချို့ကလည်း ဒီစားသောက်ဆိုင်ဟာ အဲလောက်မှမတတ်နိုင်ရင် အဝစားဆိုင်ဆိုပြီး မဖွင့်သင့်ဘူးလို့ ပြောကြသလို စားသောက်ဆိုင်ပိုင်ရှင်အတွက် စိတ်မကောင်းကြသူတွေလည်း ရှိပါတယ်။

တရုတ်နိုင်ငံ အစိုးရကတော့ အွန်လိုင်းမှာ အစားအသောက်စားပြတဲ့ food blogger တွေကို မနှစ်က စတင်နှိမ်နင်းခဲ့တာကြောင့် ဒီလိုမျိုး ဗီဒီယိုတွေလည်း နိုင်ငံတွင်းမှာ ပိတ်ပင်ခံရဖွယ် ရှိပါတယ်။

အစားအစာရှားပါးမှု ဖြစ်ပေါ်လာမှာ စိုးရိမ်မှုတွေကြောင့် အစားအသောက် အပိုအလျှံမဖြစ်အောင် အလဟဿမဖြစ်အောင် လုပ်ဆောင်ကြဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က လူထုကို တိုက်တွန်းပြောဆိုပြီးနောက်ပိုင်း အခုလို ဖြစ်ရပ်တွေ ဖြစ်လာတာ ပါ။

 

ဘီဘီစီ

Read times Last modified on Monday, 22 November 2021 01:14
Rate this item
(0 votes)