Myanmar
ငါးနုသန်းချက်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူချက်ပြုတ်နိုင်တဲ့
ငါးနုသန်းချက်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ငါးနုသန်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးအရောင်တင်မှုန့်၊ မကျည်းသီး၊ နံနံပင်၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ ဆား၊ ဆီတို့ လိုအပ်ပါမယ်။
ပထမဆုံး ငါးကို သန့်စင်ပြီး ရေစင်အောင်ဆေးထားကာ ငါးနုသန်းကို ဇလုံထဲထည့်လိုက်ပါ။
ဆား၊ ငံပြာရည်၊ နနွင်းမှုန့် နှင့် ဟင်းခတ်မှုန့်တို့ထည့်ပါ။ အားလုံးထည့်ပြီးပါက အရသာဝင်စေရန် ငါးကိုဆုတ်ပြီးနယ်ပေးပါ။
ဒယ်အိုးကို မီးဖိုပေါ်တင်၍ ဆီကို ပူအောင်တည်ပေးပါ။ ဆီပူလာပါက နနွင်းမှုန့် ထည့်၍ ထောင်းထားသော ချင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်တို့ကို မွှေးလာတဲ့ထိထည့်မွှေပေးပါ။
ဆီသတ်နံ့မွှေးလာတာနဲ့ အရသာနယ်ထားတဲ့ ငါးကိုထဲ့ပြီး ငါးအသားမာလာတဲ့ထိ ဟင်းအိုးကိုလှုပ်ပေးပါ။
ငါးအသားမာလာတာနဲ့ရေမြုပ်အောင်ထည့် ငံပြာရည်ထည့်ပြီး အိုးအဖုံးအုပ်၍ တည်ပေးပါ။
ရေဆူလာတာနဲ့မကျည်းမှည့်ရည်ကိုထည့်ပြီး ဆီပြန်တဲ့အထိ တည်ပေးပါ။
ငါးအသားက နုလွန်းတဲ့အတွက် မွှေစရာမလိုဘဲ အိုးမကပ်အောင် အိုးကိုအသာလေး လှုပ်ပေးပါ။
ဆီကျန်ရေကျန် အနေတော်လေးဖြစ်လာပါက အရသာမြည်းပြီး နံနံပင်အုပ်ကာ အိုးအဖုံးအုပ်၍ မီးပိတ်ပေးပါ။
နံနံပင်နံ့သင်းသင်းလေးနဲ့ ချဉ်ငံစပ်အရသာနှင့် ငါးနုသန်းအချဉ်ချက် ဟင်းလေးကို ငါးပိရည် ထမင်းပူပူလေးနှင့် တွဲဖက်၍ အသင့်သုံးဆောင်နိုင်ပါတယ်။