Myanmar
ကြက်ဥပူတင်း
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် ကလေးများအတွက် အာဟာရဖြစ်စေမည့် အပြင်
အလှူအတန်းလုပ်ရာတွင်လည်း အဆင်ပြေစေမည့် ကြက်ဥပူတင်းပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကြက်ဥ၊ နွားနို့၊ သကြား၊ နို့မှုန့်၊ ထောပတ်တို့ လိုအပ်ပါမယ်။
ပထမဆုံး ကြက်ဥကို ခွဲ၍ မွှေပေးထားပါ။ ပူတင်းပြုလုပ်မည့်ခွက်ကို ထောပတ်သုပ်ထားပါ။ အိုးတစ်ခုထဲတွင် နွားနို့ကို အပူပေး၍ နွားနို့ပူလာလျှင် သကြားနှင့် နို့မှုန့်ထည့်၍ ပျော်အောင်ဖျော်ထားပေးပါ။ ပြီးလျှင် အအေးခံထားပါ။
ပြီးနောက် သကြားရည် ပြုလုပ်ရန်အတွက် အိုးတစ်ခုထဲတွင် သကြားနှင့် ရေထည့်၍ မီးအေးအေးဖြင့် ညိုလာသည်အထိ တည်ထားပေးပါ။
ညိုလာလျှင် မီးဖိုပေါ်မှချ၍ ထောပတ်သုပ်ထားသော ခွက်တစ်ခုထဲသို့ အညီအမျှထည့်လိုက်ပါ။
ပြီးလျှင် အအေးခံထားသော သကြား၊ နို့မှုန့်ပါသော နွားနို့နှင့် ခလောက်ထားသော ကြက်ဥတို့ကိုရော၍ သမအောင်လုပ်ပါ။
ပြီးနောက် အခြား ပန်းကန်အကြီးထဲသို့ ပူတင်းအရည်များကို ဇကာအကျဲခံ၍ လောင်းချပါ။
ပန်းကန်အကြီးထဲမှ ပူတင်းအရည်များကို ဇကာအစိပ်ခံ၍ ပြုလုပ်မည့် ခွက်ထဲသို့ အညီအမျှ လောင်းထည့်ပါ။ ပြီးလျှင် ခွက်အပေါ်ကို ငွေစက္ကူဖြင့် လုံအောင် အုပ်လိုက်ပါ။
လင်ဗန်းတစ်ခုထဲကို တစ်ဝက်ခန့် ရေထည့်ပြီး ထိုလင်ဗန်းထဲသို့ ပူတင်းဖုတ်မည့်ခွက်များ ထည့်လိုက်ပါ။
ပြီးလျှင် အပူပေးထားသော oven ထဲတွင် မိနစ် ၅၀ ခန့် ထည့်ဖုတ်ပါ။ ပေါင်းမည်ဆိုပါကလည်း ပေါင်းအိုးထဲတွင် ၁၅ မိနစ်ခန့် ပေါင်းနိုင်ပါတယ်။
အအေးခံ၍ အေးသွားလျှင် ပန်းကန်ပြားတစ်ခုကိုခံပြီး ပူတင်းပန်းကန်ကို မှောက်ချ၍ သုံးဆောင်နိုင်ပါတယ်။