Myanmar
UMG Idealab က ဈေးခြင်းနှင့် အင်ဒိုနီးရှားမှ Moodco တို့တွင် ရင်းနှီးမြှုပ်နှံမှုပြု
UMG Idealab က စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပြုခဲ့သည်။
UMG Idealab သည် မြန်မာနိုင်ငံကုန်သွယ်ရေးလုပ်ငန်းစုကြီးဖြစ်သော UMG Group ၏ လုပ်ငန်းခွဲတစ်ခု ဖြစ်ပြီး ပွင့်သစ်စလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုခြင်းကို လုပ်ကိုင်သည်။
ဩဂုတ်လအတွင်း ပွင့်သစ်စလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုခဲ့ရာ၌ ရန်ကုန်အခြေစိုက်အွန်လိုင်းကုန်စုံလုပ်ငန်း ဖြစ်သည့် "ဈေးခြင်း" နှင့် အင်ဒိုနီးရှားနိုင်ငံမှ ချောကလက်လုပ်ငန်း Moodco တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုခဲ့သည်။အလားအလာ ရှိသည့် ပွင့်သစ်စလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှု ပြုသော ငွေရှင်ကြေးရှင်venture capitalist အဖြစ် ဖြင့် လုပ်ကိုင်နေခြင်း ဖြစ်သည်။
ဈေးခြင်းသည် ကုန်စိုများကို အဓိကအားဖြင့် လုပ်ကိုင်ပြီး မီးဖိုချောင်တွင် နေ့စဉ်ချက်ပြုတ်ရာ၌ လိုအပ်သော ပစ္စည်းအမျိုးအမည်များကို အွန်လိုင်းတွင် မှာကြားဝယ်ယူနိုင်အောင် စီစဉ်ပေးထားသည်။ UMG Idealab မှ ဈေးခြင်းတွင် မည်ရွေ့မည်မျှ ရင်းနှီးမြှုပ်နှံကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း အစပျိုး ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံအဖြစ် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း သိရသည်။
ယခုလို ကနဦးကာလတွင် ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံမှု ရရှိသဖြင့် ဈေးခြင်းသည် လုပ်ငန်း တိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့ကို လုပ်ကိုင်နိုင်မည် ဖြစ်ရာ ကုမ္ပဏီ၏ တိုးတက်မှုကိုအထောက်အကူ ပြုလိမ့်မည်။
UMG ဟု အတိုကေက်အားဖြင့် လူသိများသည့် United Machinery Group သည် UMG Idealab အတွက် လိုအပ်သော ရန်ပုံငွေကို ထောက်ပံ့ပေးသည့် မိခင်ကုမ္ပဏီဖြစ်သည်။ UMG Idealab သည် အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်း၊ မလေးရှားနှင့် တရုတ် နိုင်ငံတို့တွင် လုပ်ငန်းပေါင်း ၆၀ ကျော်၌ ရင်းနှီးမြှုပ်နှံထားသည်။
မကြာသေးခင်က ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ခဲ့သည့် Moodco သည် အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယမြို့ အခြေစိုက် စားသောက်ကုန်လုပ်ငန်းဖြစ်ပြီး အဓိကအားဖြင့် ချောကလက်နှင့် ကော်ဖီပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်သည်။ Moodco အမှတ်တံဆိပ်ဖြင့် ချောကလက်အချောင်းများ ထုတ်လုပ်ရန် စိုင်းပြင်းလျက် ရှိပြီး ၂၀၂၁ ခုနှစ်တွင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်မည် ဖြစ်သည်။ ချောကလက်အတွက် အဓိကကုန်ကြမ်းဖြစ်သော ကိုကိုး ထုတ်လုပ်မှုတွင် အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အများဆုံးနိုင်ငံ ဖြစ်သော်လည်း ချောကလက် ထုတ်လုပ်သည့်ကဏ္ဍတွင် လုပ်ကိုင်သူ အနည်းအကျဉ်းသာ ရှိသည်။
By Myanmar Food Guide



