Myanmar
မုန့်လင်မယား
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ပွဲဈေးများတွင် တွေ့ရတတ်တဲ့ ကလေးများနှင့်
လူကြီးများကြိုက်နှစ်သက်စေမည့် မုန့်လင်မယား ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ဆန်မှုန့်၊ တန်ပူရာအမှုန့်၊ ပဲစိမ်းမှုန့်၊ ဆော်ဒါ၊ ကြက်ဥ၊ ဆား၊ ဟင်းခတ်မှုန့်၊ ပဲပြုတ်၊ ငုံးဥ၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဆုံး ဆန်မှုန့်၊ တန်ပူရာအမှုန့်၊ ပဲစိမ်းမှုန့်၊ ဆော်ဒါ၊ ကြက်ဥ၊ ဆား၊ ဟင်းခတ်မှုန့်၊ အနည်းငယ်တို့ကို ရော၍ ရေကျဲကျဲလေး ဖျော်ပြီး တစ်နာရီလောက် ထားလိုက်ပါ။
ပြီးရင် ကြက်သွန်မြိတ်၊ နံနံပင်ပါးပါးလှီးထားပါ။ ပဲပြုတ်နှင့် ငုံးဥတို့ကိုပါ ထည့်စားချင်ရင်တော့ စိတ်တိုင်းကျ လုပ်စားလို့ရပါတယ်။
မီးဖိုပေါ်သို့ ဒယ်ကိုတင်ပြီး မုန့်ရည်ကျဲကျဲကိုထည့် ဆီများများလေးနဲ့ သုပ်မှ ပိုစားကောင်းပါတယ်။ ငုံးဥထည့်မယ်ဆိုရင်လည်း မုန့်ရည်ထည့်ပြီးလျှင် ငုံးဥကို ခွဲ၍ ထည့်နိုင်ပါတယ်။ ပဲပြုတ်ပဲကြိုက်တဲ့သူများအတွက် ပဲပြုတ်ကို ထည့်နိုင်ပါတယ်။
ကျွတ်လာပြီဆိုရင်တော့ ဇကာထဲအရင်ထည့်၍ ဆီစစ်ပြီး ပန်းကန်ပြားထဲသို့ထားပါ။ အားလုံး အကုန်လုပ်ပြီးရင်တော့ စားချင်စဖွယ် မုန့်လင်မယားကို နှမ်းထောင်းလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။
မုန့်နှစ်ရည် ပိုရင် နောက်ရက်လုပ်စားရအောင် ရေခဲသေတ္တာထဲ ထည့်သိမ်းထားလျှင် အဆင်ပြေပါတယ်။