Myanmar
ရခိုင် ငါးငပိချက်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အစပ်ကြိုက်နှစ်သက်သူများအတွက်
အဆင်ပြေစေမည့် ရခိုင် ငါးငပိချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ငါး၊ ငရုတ်သီးစိမ်း၊ မျှင်ငပိ၊ ငံပြာရည်၊ ဆား၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ မန်ကျည်းသီး၊ နံနံပင် တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ငါးကို ရေဆေးသန့်စင်ပြီး အတုံးကလေးများတုံး၍ ဆား၊ နနွင်းမှုန့်တို့ဖြင့် ရောနယ်ထားပါ။
ပြီးလျှင် ငရုတ်သီးစိမ်းကို ရေဆေး အညှာချွေပြီး ညက်အောင် ကြိတ်ထားပါ။
ပြီးနောက် အိုးကြီးထဲသို့ နယ်ထားသော ငါး၊ မျှင်ငပိ၊ ငံပြာရည်၊ ဆား၊ ဟင်းခတ်မှုန့်၊ မန်ကျည်းနှစ်ရည် နှင့် ငရုတ်သီးစိမ်းကြိတ်ပြီးသားနဲ့ ရေကို ထည့်လိုက်ပါ။
ရေဆူလာလျှင် ဖြည်းဖြည်းမွှေလိုက်ပါ။ ငါးများ ကြေသွားပါလိမ့်မယ်။ ငရုတ်သီးစိမ်းနံ့မွှေးလာလျှင် အပေါ့အငန်မြည်းကြည့်ပါ။
နောက်ဆုံး မီးဖိုပေါ်မှမချခင် အပေါ်မှ လှီးဖြတ်ထားသော နံနံပင်ကို ထည့်၍ အုပ်လိုက်ပါ။ ပြီးလျှင်တော့ ထမင်းပူပူလေးနှင့် အစပ်အရသာရှိတဲ့ ရခိုင်ငါးငပိချက်ကို တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။