Myanmar
ရေလှောင်တမံများရေရှိမှု သိသာစွာလျော့နည်းလျက်ရှိပြီး စိုက်ပျိုးရေ အတွက် အခက်အခဲရှိနိုင်
ယခုနှစ် မိုးရာသီ တွင် မိုးဦး၊ မိုးလယ်၊ မိုးနှောင်း ကာလ ၃ ခု လုံးတွင် မိုးရေရရှိမှု နည်းသောကြောင့် ဆည်များတွင်
ရေရရှိမှုနည်းလျက်ရှိပြီး တစ်နိုင်ငံလုံးရှိ ရေလှောင်တမံပေါင်း ၂၃၅ ခု တွင် ၁၇ ခုသာ ရေကျော်သည်လို့ သိရသည်။
ရေလှောင်တမံများရေရှိမှုက မနှစ်ကထက် သိသာစွာလျော့နည်းသွားသည့်အတွက် စိုက်ပျိုးရေ ခက်ခဲနိုင်တာကြောင့် စိုက်ပျိုးရေးတွင် တောင်သူများရေရရှိရေး အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်လို့ စက်တင်ဘာ ၂၅ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
“ဒါကြောင့် ကျွန်တော်တို့ ကတောင်သူတွေ ရေသုံးစွဲတဲ့ နေရာ မှာ အလေအလွင့်မရှိအောင် စနစ်တကျ ဖြစ်အောင်၊ လူတိုင်းလဲ အဆင်ပြေအောင် ဆိုပြီး Water User Group ဖွဲ့ပြီး တောင်သူတွေ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ဖို့ အဖွဲ့တွေ ဖွဲ့ထားတာရှိပါတယ်။ ရေကိုအများကြီး မပေးနိုင်တဲ့ နေရာမှာလည်း တောင်သူတွေ အကျိုးမယုတ်အောင် သီးနှံပုံစံ ပြောင်းပြီး စိုက်ဖို့ ကိုလည်း ကျွန်တော်တို့ ပညာ ပေးမှုအပိုင်းတွေ လုပ်နေပါတယ်။ရာခိုင်နှုန်းတော့ တွက် မကြည့်ရသေးပေမယ့် သိသိသာသာကြီးကို မနှစ်ကထက်ရေရရှိမှု အတော်လျော့နည်းသွားခဲ့ပါတယ်’’ လို့ ဦးမျိုးတင့်ထွန်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် နို(လ်) (NOUL)အပူပိုင်းမုန်တိုင်း မှ လေဖိအားနည်းရပ်ဝန်းအနေဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့မှုကြောင့် ရေလှောင်တမံ ၁၇ ခုတွင် ရေကျော်ခဲ့ပြီး လေဖိအားနည်းရပ်ဝန်းကြောင့် အခြားရေလှောင်တမံများတွင် ရေရရှိခဲ့သော်လည်း ရေပြင်ညီအမှတ် သို့ ရောက်ရှိခြင်းနည်းပါးခဲ့သည်။
“အရင်နှစ်ကဆိုရင် ဒီလိုအချိန်မှာ ရေလှောင်တမံပေါင်း ၅၀၊ ၆၀ လောက်ရေကျော် ခဲ့တယ်။ ဒီနှစ် က ၁၇ ခုပဲ ရေကျော်တယ်ဆိုတော့ မနှစ်ကထက် သိသိသာသာ ကို ရေရရှိမှု လျော့နည်းခဲ့တယ်။ ကျွန်တော်တို့နိုင်ငံက ဆည်တမံတွေက စိုက်ပျိုးရေအတွက် အဓိက သုံးရတာဖြစ်လို့ ဒီနှစ်က သေချာပေါက် စိုက်ပျိုးရေကနည်းမှာဖြစ်တယ်’’ ဟုဦးမျိုးတင့်ထွန်းက ရှင်းပြသည်။
လက်ကျန်မိုးအခြေအနေ နှင့် ရေလှောင်ပမာဏ ဆက်လက်ကျဆင်းပါက လာမည့်နွေစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးသီးနှံပြောင်းလဲစိုက်ပျိုးရမည့်အနေအထားတွင်ရှိပြီး ယခုနှစ်တွင် မိုးစပါးစိုက်ဧကပေါင်း ၁၃သိန်းလျာထား စိုက်ပျိုးလျက်ရှိပါသည်။
By Myanmar Food Guide
xinhua