Myanmar
မှို၊ ကန်စွန်းရွက်သောက်ဆမ်း
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ လွယ်လင့်တကူချက်ပြုတ်နိုင်တဲ့အပြင် ဟင်းသီးဟင်းရွက်စားချင်
သူများအတွက် မှိုကန်စွန်းသောက်ဆမ်းပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ မှို၊ ကန်စွန်းရွက်၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအကြမ်းမှုန့်၊ ပုစွန်ခြောက်၊ ငံပြာရည်၊ သံပရာရည်၊ ရေ၊ ဆီ၊ ဆား၊ အသားမှုန့်တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး မှိုကိုရေဆေးသန့်စင်ပြီး ထက်ခြမ်းခြမ်း လှီးထားပါ။ ပြီးလျှင် ကန်စွန်းရွက်ကို အရှည်လေးတွေထွင်ပြီး ရေဆေး ရေစစ်ထားပါ။
ပြီးနောက် ခရမ်းချဉ်သီးကိုလည်း ခပ်ပါးပါးလေးများဖြစ်အောင်လှီးထားပြီး ကြက်သွန်နီကို ပါးပါးလှီး၍ ကြက်သွန်ဖြူကိုတော့ ဓားပြားရိုက်ပေးထားပါ။
ပြီးရင် ဒယ်အိုးကို မီးဖိုပေါ်တင် ဆီထည့်ပြီး အိုးထဲကဆီပူရင် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို ဆီသတ်ပါ။ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ နွမ်းကာနီးရင် ငရုတ်သီးအကြမ်းဖတ်ထည့်လိုက်ပါ။ ငရုတ်သီးကျက်ပြီဆိုရင်တော့ ခရမ်းချဉ်သီးထည့်ပြီး နွမ်းအောင်ချက်ပေးပါ။
ခရမ်းချဉ်သီးနွမ်းရင် ငံပြာရည်နဲ့ ပုစွန်ခြောက်ထည့်ပြီးကြော်လိုက်ပါ။ ပြီးလျှင် မှိုထည့်ပြီးနှံ့အောင်မွှေလိုက်ပါ။ ပြီးနောက် ရေထည့်တည်ပေးပါ။ ပွက်ပွက်ဆူရင် ကန်စွန်းရွက်၊ ဆား၊ ဟင်းခတ်မှုန့်တို့ထည့်လိုက်ပါ။
ကန်စွန်းရွက်ထည့်ပြီး ဟင်းရည်ပွက်ပွက်ဆူရင် သံပရာရည်ထည့်ပါ။ အရသာမြည်းကြည့်ပြီး စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ အရသာရှိတဲ့ မှို၊ ကန်စွန်းရွက်သောက်ဆမ်းလေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။