Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စက်သုံးဆီ စျေးနှုန်းမြင့်တက်လာသဖြင့် အမ်းမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်ရှိ ရေလုပ်သားများ စားဝတ်နေရေး ပိုမိုခက်ခဲလာ

စက်သုံးဆီ စျေးနှုန်းမြင့်တက်လာသဖြင့် ရခိုင်ပြည်နယ်ရှိ အမ်းမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်ရှိ ရေလုပ်သားများ စားဝတ်နေရေး ပိုမိုခက်ခဲလာကြောင်း သိရသည်။

အမ်းမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်ရှိ ရေလုပ်သားသည် ၎င်းတို့၏ လုပ်ငန်းခွင်တွင် စက်တပ်လှေများကို အသုံးပြုကြပြီး စက်တပ်လှေ မောင်းနှင်ရာတွင် သုံးသည့် ဓာတ်ဆီစျေးနှုန်းများ မြင့်မားလာမှုကြောင့် စားဝတ်နေရေးတွင် အခက်အခဲ ပိုတွေ့လာရခြင်း ဖြစ်ကြောင်း သိရသည်။

“သား ငါး သယံဇာတတွေက နဂိုကတည်းက ရှားပါးလာတယ်။ နောက်ပြီး စျေးကွက်တွေကလည်း မကောင်းတာနဲ့လေ။ ကိုဗစ်ကာလကတည်းကပဲ ရေထွက်ကုန် စျေးကွက်တွေက အတော်လေး ထိခိုက်မှု ရှိတယ်။ အဲဒီအနေအထားကနေ အခု နိုင်ငံရေးအကျပ်အတည်း ဖြစ်တော့လည်း စျေးကွက် မကောင်းပြန်ဘူး။ ဒီလိုဖြစ်နေချိန်မှာ ဓာတ်ဆီစျေးက ပိုတက်လာတော့ သူတို့ စားဝတ်နေရေးကို သိသိသာသာ ထိခိုက်လာတယ်။ ရေလုပ်သားအများစုက ဂဏန်းရှာတာ၊ ငါးရှာတာမှာ ဓာတ်ဆီစက်လှေ သုံးကြတယ်ပေါ့နော်။ အခု ဓာတ်ဆီစျေး တက်လာတော့ စက်တပ်လှေတွေ မသုံးနိုင်ကြတော့ဘူး။ အဲဒီအစား လှော်တက်တွေကိုပဲ အစားထိုး သုံးလာရတယ်။ လှော်တက်နဲ့ကြ အလုပ်က အရင်လို မတွင်ကျယ်တော့ဘူးပေါ့။ မှန်းထားတဲ့ ခရီးအဝေးအထိ မသွားနိုင်တော့ဘူး။ ဂဏန်းတွေ ငါးတွေ ရှာတာကလည်း ခရီးအစျေးမှာပဲ ပိုရှာလို့ အဆင်ပြေတာ။ အနီးအနားမှာက မရဘူး။ နောက်ပြီး လှော်တက်နဲ့ လုပ်ကိုင်ရတဲ့အခါ အချိန်နဲ့တစ်ပြေးညီ လုပ်ရတဲ့ အလုပ်တွေမှာလည်း အခက်အခဲ ဖြစ်လာတယ်။ ဒီလိုတွေဖြစ်လာတော့ ရေလုပ်သားတွေက မိသားစု စားဝတ်နေရေးတောင် ဖူလုံဖို့ အခက်အခဲ ဖြစ်လာတယ်” ဟု ကိုမျိုးလွင်က ပြောကြား သည်။

ယခုအခါ အမ်းမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အတွင်းရှိ ကမ်းရိုးတန်းကျေးရွာများသည် တစ်ရွာနှင့်တစ်ရွာ သွားလာရာတွင်လည်း အရေးပေါ်ကိစ္စများတွင်သာ စက်တပ်လှေကို အသုံးပြုကြတော့ကြောင်း သိရသည်။

“လွန်ခဲ့တဲ့လကအထိ ဓာတ်ဆီ တစ်ဂါလန်ကို ငါးထောင်‌ကျော်ပဲ ရှိပေမယ့် အခုက တစ်ဂါလန်ကို တစ်သောင်းကျော် ဖြစ်သွားတယ်။ အခုဆိုရင် တစ်ရွာနဲ့တစ်ရွာ အရေးပေါ် သွားလာတဲ့အခါပဲ စက်တပ်လှေကို သုံးကြပြီး စားဝတ်နေရေး အလုပ်အတွက်နဲ့ အနီးဝန်းကျင်ရွာကို သွားလာတာတော့ လှော်တက်ပဲ သုံးကြတော့တယ်” ဟု ကိုမျိုးလွင်က ဆက်လက် ပြောကြားသည်။

အမ်းမြို့နယ်နှင့် ကျောက်ဖြူကျေးရွာရှိ ကမ်းရိုးတန်း ကျေးရွာများသည် လမ်းပန်းဆက်သွယ်ရေးအတွက် အဓိကအားဖြင့် ရေကြောင်းခရီးကိုသာ အသုံးပြုကြပြီး ထိုသို့ သွားလာရာတွင် ယခင်က ကိုယ်ပိုင် စက်တပ်လှေများဖြင့် သွားလာကြခြင်း ဖြစ်သည်။

news-eleven.com

Read times
Rate this item
(0 votes)