Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ-ထိုင်း နယ်စပ် မောတောင်မှ ကုန်ခြောက်များ၊ အေးခဲ ရေထွက်ကုန်များသာ ကုန်သွယ်မှု ပြုလုပ်နိုင်

မြန်မာ-ထိုင်းနယ်စပ် မောတောင်မှ ကုန်ခြောက်များ၊ အအေးခဲ ရေထွက်ကုန်များသာ ကုန်သွယ်မှု ပြုလုပ်နိုင်သေးပြီး လူအဝင်အထွက်ကို ထိုင်းနိုင်ငံဘက်မှ လက်မခံသေးကြောင်း ကုန်သည်များက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ မောတောင်မြို့နှင့် ကုန်သွယ်မှု ပြုလုပ်လျက်ရှိသော ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခံခရိုင်၊ ဆင်းခွန်ဂိတ်တွင် ထိုင်းနိုင်ငံ မှ ကုန်ခြောက်များ၊ အအေးခဲ ရေထွက်ကုန်များကိုသာ ကုန်သွယ်မှု လက်ခံဆောင်ရွက်ပေးပြီး တခြားကုန်စည်များ၊ နယ်စပ်ဂိတ်မှ လူအဝင်အထွက်များကို ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ အောက်တိုဘာ ၁ ရက်တွင် လူအဝင်အထွက်ကိစ္စများ လက်ခံ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးထားပြီးကြောင်း ထောက်ခံစာရရှိသူများကို အဝင်အထွက် ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း ယခုလအတွင်း ဆောင်ရွက်ဖွယ် မရှိသေးကြောင်း သိရသည်။

“အောက်တိုဘာ ၁ ရက်က ကျွန်တော်တို့ ကုန်သွယ်မှုပြုလုပ်ဖို့ မောတောင်-ဆင်းခွန်ဂိတ်မှာ ရှိနေပါတယ်၊ ထိုင်းဘက်က ကုန်စည်ပဲ လက်ခံပြီး လူအဝင်အထွက် လက်မခံသေးဘူးလို့ ပြောပါတယ်၊ ကျွန်တော်တို့ ကုန်သည်တွေတောင် နယ်စပ်ဂိတ်ကို ကျော်လို့မရပါဘူး၊ ကားဒရိုင်ဘာနှင့် ယာဉ်နောက်လိုက်တစ်ဦးပဲ တောင်ခြေဂိတ်ကို ဆင်းလို့ရပါတယ်။ သူတို့ကိုလည်း ကျန်းမာရေး စစ်ဆေးထားကြောင်း ထောက်ခံစာနှင့် PPE ဝတ်စုံဝင်ဆင်ပြီး မှ ကုန်စည်ပို့ခွင့်ရပါတယ်၊ ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူတွေကတော့ ရောဂါအခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပြီး လာမည့် နိုဝင်ဘာလလောက်မှာ လူအဝင်အထွက်ကိစ္စကို ပြန်လည်စိစစ် ခွင့်ပြုပေးနိုင်ဖွယ် ရှိတယ်လို့ ပြောပါတယ်။ လက်ရှိ အခြေအနေမှာတော့ အအေးခဲထားတဲ့ ရေထွက်ကုန်တွေ၊ ဒေသထွက်ကုန်တွေနှင့် ကုန်ခြောက်တွေကိုပဲ သူတို့လက်ခံပါတယ်”ဟု မောတောင်နယ်စပ်မှ ကုန်သွယ်မှု ပြုလုပ်နေသူတစ်ဦး က ပြောကြားသည်။

မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်တွင် ယခုရက်ပိုင်းအတွင်း လုံခြုံရေး ပိုမိုတင်းကျပ်လာပြီး နယ်စပ် တောလမ်းတစ်လျှောက်တွင်လည်း စောင့်ကြည့်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“ကာကွယ်ဆေး ထိုးထားပြီးကြောင်း ကတ်ပြားပါရင် ထိုင်းဘက်က နည်းနည်း ဖြေလျော့ပေးပါတယ်။ အထူးသဖြင့် မြိတ်မြို့ကနေ လာရောက်တဲ့ ကုန်သည်တွေအတွက် ဖြေလျော့ပေးတာတွေ ရှိပါတယ်၊ ဒါပေမယ့် မောတောင်ကို သွားတဲ့လမ်းတစ်လျှောက်မှာ ကျန်းမာရေးစစ်ဆေးတဲ့ ဂိတ်တွေ ရှိပါတယ်၊ ကာကွယ်ဆေး ထိုးထားကြောင်း ကတ်ပြားပြပေမယ့် နှာခေါင်းထိုးပြီး Test Kit နှင့် စစ်ပါတယ်၊ ထိုင်းဘက်မှာတော့ မြန်မာနိုင်ငံမှာ ကာကွယ်ဆေး ထိုးထားပြီးနောက် အသိမှတ်ပြုကတ်ပြား ပြနိုင်ရင် မစစ်ဆေးတော့ပါဘူး။ မြန်မာကုန်သည်တွေဘက် လိုအပ်ချက်တွေ၊ အခက်အခဲတွေကိုတော့ တင်ပြထားပါတယ်။ နိုဝင်ဘာလလောက် ကျရင်တော့ ဒီထက်ဖြေလျော့ပေးတာတွေ လုပ်လာနိုင်ပါတယ်” ဟု ရေထွက်ပစ္စည်း တင်ပို့နေသူ တစ်ဦးက ပြောကြားသည်။


ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခံခရိုင်အတွင်းသို့ ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နှင့် ၄ ရက်များတွင် မြန်မာနိုင်ငံသား ၅၈ ဦး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံထားရပြီး လေးဦးမှာ COVID-19 ရောဂါ ခံစားနေရသလို ခုနစ်ဦးမှာလည်း ရောဂါကူးစက်ခံခဲ့ရဖူးသည့် အနေထားများ စစ်ဆေးတွေ့ရှိထားရကြောင်း သိရသည်။

ထိုင်းနိုင်ငံသား ပွဲစားနှစ်ဦးနှင့်အတူ မြန်မာနိုင်ငံသား ၅၈ ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် Quarantine စင်တာသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်တွင် လုံခြုံရေး ပိုမိုတင်းကျပ်ထားပြီး လူအဝင်/ထွက်များကိုလည်း စောင့်ကြည့်နေကြောင်း သိရသည်။

 

 

news-eleven.com

Read times Last modified on Saturday, 09 October 2021 08:47
Rate this item
(0 votes)