Myanmar
ခံတွင်းတွေ့စေမယ့် ရှမ်းမုန်ညင်းချဉ်လေး လုပ်စားရအောင်
ရှမ်းချဉ်ပြုလုပ်နည်းတောင်းဆိုထားတဲ့သူတွေအတွက် ပြုလုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။ ရှမ်းချဉ်ကို အချဉ်အနေနဲ့စားသုံးနိုင်သလို ထမင်းလေးနဲ့အတူစားရင်လည်း ရပါတယ်။
သို့မဟုတ်ဘဲ ရှမ်းချဉ်ကို ကြက်သား၊ ဝက်သားတစ်မျိုးမျိုးနဲ့ ရောကြော်ပြီးစားရင်လည်း အရသာရှိစေတဲ့ ဟင်းတစ်ခွက်ရရှိနိုင်ပါတယ်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ မုန်ညင်းစိမ်း၊ မုန်လာဥနီ၊ ဂျူးမြစ်၊ ပဲပိုးတီ၊ ချင်း၊ မုန်ညင်းစေ့၊ ငရုတ်သီးအရောင်တင်မှုန့်၊ နံနံစေ့၊ ဆား၊ ကြံသကာ၊ ဆန်အရက်တို့ လိုအပ်ပါမယ်။
ပြုလုပ်နည်းကတော့ မုန်ညင်းစိမ်းကို ရေများများနဲ့ စင်ကြယ်အောင် ရေဆေးပြီး ပထမ နှစ်ရေလောက်ကို သွန်ပစ်ပါ။
ပြီးနောက် တတိယတစ်ကြိမ်ကျရင်တော့ ရေပုံးကြီးကြီးထဲမှာ ရေထည့်၊ ဆားကို ထည့်ပြီး ဆားရည်ဖြင့် အနည်းဆုံး တစ်နာရီလောက် စိမ်ထားပေးပါ။
Read more>>>>>> ခေါက်ဆွဲထုပ်ကို အန္တရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း
ပြီးရင် မုန်ညင်းစိမ်းတွေကို ရေထဲကနေ ဆယ်ယူ၊ ရေစစ်ပြီး တစ်နေလှန်းပေးပါ။
တစ်နေလှန်းလိုက်တဲ့အခါ မုန်ညင်းတွေ နွမ်းသွားပြီး အချဉ်တည်ဖို့ အကောင်းဆုံးအနေအထားကို ဖြစ်စေပါတယ်။
မုန်ညင်းစိမ်းကိုတော့ နှစ်လက်မအရွယ်အစား လောက်လေးတွေ ရအောင် ဖြတ်တောက်ထားပါ။
ပြီးလျှင် မုန်လာဥနီ၊ ဂျူးမြစ်နဲ့ ပဲပိုးတီတို့ကိုလည်း သန့်စင်အောင် ရေဆေးပြီး ရေစစ်ပေးထားပါ။
ဂျူးမြစ်ကို ရေဆေးပြီးတဲ့အခါ အမြစ်လေးတစ်ချောင်းချင်းစီကို နှုတ်ယူပြီးတော့ လက်တစ်ဆစ်အရှည်ရအောင် ဖြတ်တောက်ပေးထားပါ။
ပြီးနောက် မုန်လာဥနီကိုလည်း အရှည်လိုက်ပဲဖြစ်ဖြစ်၊ အတုံးလေးတွေပဲ ဖြစ်ဖြစ် ကိုယ်နှစ်သက်သလို တုံးပေးထားပါ။
ပြီးလျှင် ပဲပိုးတီကိုတော့ အလုံးလိုက်လေးတွေ ထည့်လိုက်လို့ ရတာမို့ ဒီအတိုင်းပဲ ရေစစ်ထားလိုက်ပါ။
ပြီးနောက် ကြက်သွန်ဥလေးတွေပါထည့်ချင်ရင်တော့ ကြက်သွန်မြိတ်ဥလေးတွေကို သန့်စင်အောင်ရေဆေး၊ ထိပ်ပိုင်းလေးတွေဖြတ်တောက်ထားပြီး ရေစစ်ပေးထားပါ။
ပြီးလျှင် အမွှေးအကြိုင်တွေအတွက် လိုအပ်တာလေးတွေ ပြင်ဆင်ရပါမယ်။
ပြီးနောက် ချင်းကို အခွံနွှာရေဆေးပြီး ခပ်လွှာလွှာလေးတွေရအောင် လှီးပေးထားပါ။
ပြီးလျှင် နံနံစေ့နဲ့ မုန်ညင်းစေ့တို့ကို ဒယ်အိုးထဲ ထည့်ပြီး မီးနွေးနွေးလေးနဲ့ ဖြည်းဖြည်းချင်းလှော်ပေးပါ။
အဲ့ဒီလိုလှော်လိုက်ရင်းနဲ့ အနံ့တွေသင်းလာတဲ့အခါကျရင် ဒယ်အိုးကို မီးဖိုပေါ်ကနေချပြီး အထဲက အမွှေးအကြိုင်အလှော်တွေကို ငရုတ်ဆုံထဲထည့်ပြီး မညက်တညက်လေးထောင်းပေးပါ။
ပြီးနောက် ပါးပါးလှီးထားတဲ့ ချင်းတစ်ဝက်ကို ထည့်ပြီး ထောင်းလိုက်ပါနော်။ ငရုတ်သီးအရောင်မှုန့်အတွက်ကိုတော့ ငရုတ်သီး အပုပွတောင့်ကို ကိုယ့်ဘာသာကိုယ် ကြိတ်နိုင်တယ်ဆိုရင်တော့ ပိုကောင်းပါတယ်။
ပြီးလျှင် ကြံသကာကိုလည်း ချေပြီးထည့်ပေးပါ။ အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ပလတ်စတစ်ဇလုံခပ်ကြီးကြီးကိုယူ၊ပြီးရင် ခုနက အသီးအရွက်တွေထည့်၊ အမွှေးအကြိုင်တွေထည့်၊ ကြံသကာ၊ ဆားနဲ့ ဆန်အရက်အနည်းငယ်တို့ကိုထည့်ပြီး အားလုံးသမအောင် နယ်ပေးပါ။
ပြီးတော့မှ ပုလင်းသန့်သန့် သို့မဟုတ် စဥ့်အိုးသန့်သန့်ထဲ ဖိသိပ်ပြီး ထည့်ပေးပါ။
ပြီးလျှင် အပေါ်ကနေ ပလတ်စတစ်လေးခံပြီးတော့မှ အဖုံးကို လုံအောင်ပိတ်ပေးပါ။
အဲ့ဒီလိုသိပ်ထားပြီး ပူတဲ့ရာသီဆို သုံးရက်မှ ငါးရက်အတွင်း၊ အေးတဲ့ရာသီဆိုရင် တစ်ပတ်မှ ဆယ်ရက်အတွင်းဆိုရင်တော့ အရသာရှိလှတဲ့ ရှမ်းမုန်ညင်းချဉ်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။



