Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဆားကြမ်းစျေးကျ စက်သုံးဆီစျေး မြင့်တက် ဆားချောဝယ်သည့် လုပ်ငန်းအများစု ရပ်ထား

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေလှန်းဆား ချက်လုပ်သည့် ဆားတောင်သူများအနေဖြင့် ၂၀၂၂ ခုနှစ် ဆားရာသီကို စတင် လုပ်ဆောင်ရန် စိတ်ပူပန်မှုများရှိနေပြီး ဆားတောင်သူ ထက်ဝက်ကျော် နည်းပါးသွားနိုင်ကြောင်း သတင်းရရှိသည်။

ဆားကြမ်းစျေး ကျဆင်းခြင်း၊ စက်သုံးဆီစျေး မြင့်တက်နေခြင်းနှင့် ဆားချောဝယ်သည့် လုပ်ငန်းအများစုမှာ ရပ်နားထားခြင်းကြောင့် ဆားတောင်သူများအနေဖြင့် လုပ်ငန်းစတင် လုပ်ကိုင်ရန် စိတ်ပူနေကြခြင်း ဖြစ်ကြောင်း သိရသည်။

“အခု ဆားကြမ်းစျေးက ၇၀ ပဲ ရှိတယ်။ ဒီအချိန်ဆို ဆားကြမ်းစျေးက ရာကျော်နေရမှာလေ။ ဒီအချိန်မှာတောင် အခုစျေးပဲဆိုရင် ဆားထွက်ရင် စျေးထပ်ကျမှာပဲ။ တစ်နေကုန် စက်မောင်းနေရတဲ့ ဆားလယ်အတွက် အခုဆီစျေးနဲ့က ဆီကြိုမလှောင်ထားတဲ့ ဆားတောင်သူဆိုရင် မလွယ်ဘူး။ ဘယ်သူမှလည်း ကြိုမလှောင်မိကြပါဘူး။ ဒီလောက်ကြီး တက်သွားမယ်လို့ မထင်မိဘူးလေ။ ပြီးတော့ ဆားဝယ်တဲ့ နေရာတွေမှာလည်း နိုင်ငံရေးအခြေအနေအရ ပို့ဖို့ အဆင်မပြေတာနဲ့ အလုပ်တွေ နားထားတာနဲ့ အဆင်မပြေဘူး”ဟု ငပုတောမြို့နယ်မှ ဆားတောင်သူတစ်ဦးက ဆိုသည်။

လုပ်ငန်းများ စတင် မလုပ်ဆောင်နိုင်ပါကလည်း ကြိုတင် ထုတ်ပေးထားရသည့် လုပ်သားစရိတ်များ ဆုံးရှုံးသွားနိုင်ပြီး ဆားလယ်များပါ ပျက်စီးမည်ကို စိုးရိမ်နေရကြောင်း သိရသည်။

“ဆားရာသီပြီးတိုင်း နောက်နှစ် လုပ်သားရအောင်လို့ အမြဲဆားရေကိုင်ကနေစပြီး အထမ်း၊ အကျုံးသမားအထိ ငွေက တစ်ယောက်ကို အနည်းဆုံး ငါးသိန်းလောက် ကြိုထုတ်ပေးထားရတာ။ ကိုယ်က မလုပ်ဖြစ်ဘူးဆိုရင် ဒီပိုက်ဆံကို ပြန်တောင်းဖို့ မလွယ်ဘူး။ ပြီးတော့ ဆားလယ်က တစ်နှစ်လောက် ပစ်ထားလိုက်တာနဲ့ မနည်းပြန်ပြင်ရတော့ တောင်သူတွေ ဘာလုပ်ရမှန်းကို မသိတာဖြစ်နေတာ။ ဆီစျေးတင်မက အကုန်စျေးက တက်နေတာ ဆားစျေးကျတော့ မတက်တော့ ဘာလုပ်ရမှန်း မသိဘူးလေ”ဟု လပွတ္တာမြို့နယ်က ဆားတောင်သူတစ်ဦးက ပြောကြားတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်မှစတင်ပြီး ဆားတောင်သူများသည် နှစ်စဉ်နီးပါး အရှုံးဖြင့်သာ ရင်ဆိုင်နေရပြီး ဆားကြမ်း အထွက်နှုန်းမြင့်မားသည့် နှစ်အချို့နှင့် စျေးနှုန်းမြင့်မားသည့် နှစ်အချို့တွင်သာ အကျိုးအမြတ်ရရှိခဲ့ကာ ဆားတောင်သူဦးရေမှာ သုံးပုံတစ်ပုံအထိ လျှော့နည်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။

news-eleven.com

 

 

Read times
Rate this item
(0 votes)