Myanmar
ပန်းသီးစိမ်း ငါးပိချက် ချက်နည်း
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆန်းဆန်းပြားပြားလေးစားချင်သူများနှင့်
အသား မစားချင်သူများအတွက် ပန်းသီးစိမ်း ငါးပိချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ပန်းသီးစိမ်း၊ ပုစွန်ခြောက်မှုန့်၊ စိမ်းစားငါးပိ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ ငရုတ်သီးလေးစိပ်ကွဲ၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ဆား၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ပန်းသီးစိမ်းတွေကို ရေဆေး၍ အခွံခွာပြီး ခြစ်ဖြင့် ခြစ်ထားပါ။ ခြစ်ပြီးသားတွေကို ဆားရည်ထဲ ထည့်စိမ်ထားပါ။
ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို ပါးပါးလှီးထားပါ။ ဒယ်အိုးကို မီးဖိုပေါ်တင် ဆီထည့်ပြီး ဆီပူလာလျှင် နနွင်းမှုန့်  အနည်းငယ် ထည့်လိုက်ပါ။ ပြီးနောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို ထည့်လိုက်ပါ။
ငရုတ်သီးလေးစိတ်ကွဲထည့်ပြီး ငရုတ်သီးအနံ့ ပျောက်အောင် ခဏမွှေပေးထားပါ။
ပြီးလျှင် ပုစွန်ခြောက်မှုန့်ကို ဆီသတ်တဲ့ထဲ ရောထည့်ပြီး မွှေပေးပါ။ ကျက်ပြီဆိုလျှင် စိမ်းစားငါးပိကို ရေဖျော်ပြီး ထည့်ပါ။
Read More >>>>>>>>> ပန်းသီးထောင်း
ပြီးနောက် ခြစ်ထားသော ပန်းသီးဖတ်တွေကို ထည့်ပြီး ရောမွှေပေးပါ။ ရေအနည်းငယ် ထည့်လိုက်ပါ။ ပြီးလျှင် အရသာ အပေါ့အငန် မြည်းကြည့်ပြီး လိုအပ်လျှင် ဆားထည့်ပြီး ရောမွှေပေးပါ။
နောက်ဆုံးမှ ထက်ခြမ်းခွဲထားသော ငရုတ်သီးစိမ်းကို ထည့်လိုက်ပါ။ နံနံပင်ကြိုက်လျှင် အနည်းငယ်ထည့်ပါ။ ဆီပြန်လာသည်အထိ တည်ပေးပါ။ ဆီပြန်လာလျှင်တော့ မီးဖိုပေါ်မှချပြီး ထမင်းပူပူလေးနှင့် ပန်းသီးစိမ်းငါးပိချက် မွှေးမွှေးလေးကို အသင့် သုံးဆောင်နိုင်ပါတယ်။