Myanmar
ရှမ်းစတိုင်လ် ပဲပုတ်နှင့် ကြက်သား အာလူးဟင်း
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ရှမ်းရိုးရာစတိုင်ဟင်းလျာတစ်မျိုးဖြစ်တဲ့ ရှမ်းပဲပုတ်နှင့် ကြက်သားအာလူးဟင်းချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကြက်သား၊ အာလူး၊ ခရမ်းချဉ်သီး၊ ရှမ်းပဲပုတ်၊ ဟင်းခတ်မှုန့်၊ ကြက်သွန်နီ၊ နနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ နံနံပင်၊ ကြက်သွန်မြိတ်၊ စပါးလင်၊ ဆား၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီး ခုတ်ထစ်ထားပါ။ ပြီးလျှင် ဇလုံတစ်လုံးထဲသို့ ကြက်သွန်နီ၊ ဆား၊ ကြက်သားမှုန့်၊ နနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ခရမ်းချဉ်သီး၊ ပဲပုတ်၊ ထုထောင်းထားသော စပါးလင်တို့ကို သမအောင် ရောနယ်လိုက်ပါ။
ပြီးလျှင် ဒယ်အိုးထဲဆီထည့်၊ ဆီပူလာလျှင် ရောနယ်ထားသော ကြက်သားများကို လုံးပြီး မိနစ်အနည်းငယ် ကြာအောင် တည်ပေးထားပါ။
ပြီးလျှင် အာလူးနှင့် ရေကိုထည့်၍ အဖုံးအုပ်ပြီး မိနစ်အနည်းခန့် ပြန်တည်ပေးထားပါ။
ကြက်သားနှင့် အာလူးနူးသည်အထိ တည်ပေးပါ။ ကြက်သားနူးပြီဆိုလျှင် အရသာအပေါ့အငန်မြည်းပြီး
လှီးဖြတ်ထားသော နံနံပင်နှင့် ကြက်သွန်မြိတ်များဖြူး၍ မီးဖိုပေါ်မှ ချနိုင်ပါပြီ။
ပြီးရင်တော့ အရသာရှိပြီး အနံ့မွှေးတဲ့ ရှမ်းပဲပုတ်နှင့် ကြက်သားအာလူးဟင်းကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။