Myanmar
ထမင်းမြိန်စေမည့် ပဲကြီးနှင့် ပုစွန်ခြောက်နှပ်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ အပြင် ထမင်းလည်းမြိန်၊
အာဟာဓာတ်လည်းအပြည့်အ၀ပါရှိတဲ့ ပဲကြီးနှင့် ပုစွန်ခြောက်နှပ်ဟင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ပဲကြီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်၊ ဆီ၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့် တို့ လိုအပ်ပါမယ်။
ပထမဆုံး ပဲကြီးကို ညကတည်းက ရေစိမ်ထားပါ။ မနက်ပိုင်းတွင် ပဲကြီးပွလာလျှင် အခွံခွာပြီး ရေပြန်စိမ်ထားပါ။
ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုရောပြီး ညက်နေအောင်ထောင်းပေးပါ။ ပုစွန်ခြောက်ကိုလည်း မညက်တညက် ထောင်းပေးပါ။
ပြီးလျှင် ဒယ်အိုးတစ်လုံးမှာ ဆီအနည်းထည့် အပူပေးပြီး ထောင်းထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို နနွင်းမှုန့်ထည့်ပြီး ဆီသတ်ပေးပါ။
ဆီသတ်ထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ အနည်းငယ်နွမ်းလာလျှင် ထောင်းထားတဲ့ ပုစွန်ခြောက်တွေ ထည့်လိုက်ပါ။
ဆီသတ်တာမွှေးလာပြီဆိုလျှင် အခွံခွာထားတဲ့ ပဲကြီးကိုထည့်လိုက်ပါ။ ပြီးလျှင် ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်၍ တည်ထားပေးပါ။
ပဲကြီးနူးပြီဆိုမှ ဆား၊ ဟင်းခတ်မှုန့်တို့ဖြင့် ထည့်၍ အရသာကို အပေါ့အငန်မြည်းကြည့်ပါ။ ပဲများကြေမွမသွားအောင် သစ်သားယောင်းမလေးဖြင့် ဖြည်းညင်းစွာ မွှေပေးရပါမယ်။
ပဲကြီးက ရေခမ်း၊ ဆီပြန်ပြီးနူးအိပြီဆိုမှ မီးဖိုပေါ်မှချလိုက်ပါ။ ပြီးလျှင်တော့ ထမင်းပူပူလေးနှင့် ပဲကြီးနှင့် ပုစွန်ခြောက်နှပ်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။