Myanmar
ထားဝယ်ရိုးရာစတိုင်လ် ငါးစင်ရိုင်းသစ်တိုသီးချဉ်ရည်ဟင်း
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ထားဝယ်ရိုးရာဟင်းတစ်မျိုးဖြစ်တဲ့
ငါးစင်ရိုင်းသစ်တိုသီးချဉ်ရည်ဟင်းလျာ ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ငါးစင်ရိုင်း၊ သစ်တိုသီး၊ ဆား၊ နနွင်းမှုန့်၊ မျှင်ငါးပိ၊ ငရုတ်ပွခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီ၊ ရှမ်းနံနံ၊ ငရုတ်သီးစိမ်း တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ငါးစင်ရိုင်းများကို ခေါင်းဖြုတ်၊ ဆူးတောင်ခုတ်၍ အချွဲများ သန့်စင်သွားအောင် ရေဖြင့် ဆေးကြောပြီး ဆား၊ နနွင်းမှုန့်၊ မျှင်ငါးပိတို့နှင့် ရောနယ်ထားပါ။ သစ်တိုသီးကိုလည်း အခွံခွာ၍ အနေတော်အရွယ်လေးဖြစ်အောင် ရေဆေးပြီး စိပ်ထားပါ။
ပြီးလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်ပွတောင့်တို့ကို ညက်အောင်ထောင်းထားပါ။
ပြီးရင်တော့ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်ပွတောင့်တို့ကို ဆီသတ်ပေးပါ။ ပြီးလျှင် ငါးကိုထည့်ပြီး အခွံနွှာ၍ အနေတော်စိပ်ထားသော သစ်တိုသီးစိတ်များ ထည့်၍ ဆီသတ်ပေးပါ။ ဆီပြန်လာလျှင်တော့ ရေအနေတော်လေးထည့်ပြီး ရှမ်းနံနံနှင့် ငရုတ်သီးစိမ်းတောင့် ထက်ခြမ်းခွဲလေးများအုပ်ကာ ငါးသောက်ဆမ်းဖြစ်အောင် ချက်နိုင်ပါတယ်။
သစ်တိုသီး၏ အချဉ်ဓာတ်ကြောင့် ငါးကလေးများ တောင့်နေပြီး အရသာချိုချဉ်ကဲနေတဲ့ ဟင်းရည်အရသာ လေးကို မြည်းကြည့်ပြီးရင်တော့ ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။