Food & Livestock
ကျွဲသုတ်ရည် ရောင်းချခြင်းမှ တစ်လလျှင် ဘတ် (၁) သန်း ရရှိနေသည့် ထိုင်းလယ်သမား
ထိုင်းနိုင်ငံမြောက်ပိုင်း ကာလဆင်ပြည်နယ်ရှိ လယ်သမားတစ်ဦးသည် “ Big Billion “ ဟု ခေါ်သည့် ရေကျွဲတစ်ကောင်၏ သုတ်ရည်များကို ရောင်းချခြင်းဖြင့် လစဉ်လတိုင်း ထိုင်းဘတ်ငွေ (၁) သန်း မြန်မာငွေအားဖြင့် သိန်း (၆၀၀) ကျော် ရရှိနေကြောင်း သိရသည်။
အဆိုပါကျွဲကို Kham Bong ပြည်နယ် မြို့တော်ဝန်ဖြစ်သည့် Mongkol Mongphet က မွေးမြူထားခြင်း ဖြစ်ပြီး Mongkol က အဆိုပါ ဘီလီယံနှင့် ချီသည့် “ Big Billion “ ၏ သုက်ရည်အား ရောင်းချခြင်းဖြင့် ဝင်ငွေများစွာ ရရှိနေသော်လည်း ၎င်းသည် လက်ရှိတွင် လယ်ယာလုပ်ကိုင်နေသည့် တိရစ္ဆာန်တစ်ကောင်လည်း ဖြစ်ကြောင်း ပြောသည်။
ရေကျွဲ ( ထိုင်းအခေါ် Kwai ) မွေးမြူရေး လုပ်ကိုင်သူများသည် ဘတ် (၃၀) တန် “ Big Billion “ ၏ သုတ်ရည်ကို နိုင်ငံတစ်ဝှမ်း ဈေးအမြောက်အမြား ပေး၍ ဝယ်ယူနေကြသည်။ ထိုသို့ ဝယ်ယူကြခြင်းမှာ “ Big Billion “ ၏ သုတ်ရည်နှင့် ကျွဲမများတွင် မျိုးပွားပြီး ဖခင်ကဲ့သို့ လှပပြီး သန်းနှင့်ချီတန်သည့် ကျွဲမျိုးဆက်သစ် မွေးမြူ ထုတ်လုပ်နိုင်ရန်အတွက် ဖြစ်သည်။
“ Big Billion “ သည် အရည်အချင်းများစွာ ရှိသော တိရစ္ဆာန်တစ်ကောင် ဖြစ်သည်။ Mongkol က ၎င်းကို ကုန်ကျစရိတ်မရှိသည့် 'ထွန်စက်' ဟု ခိုင်းနှိုင်းပြီး ၎င်း၏ အညစ်အကြေးများကို မြေဩဇာအဖြစ် အသုံးချနိုင်ကြောင်း ပြောသည်။ ဈေးကြီးပြီး ကျန်းမာရေးနှင့် မညီညွတ်သော ဓာတုပစ္စည်းများအစား စပါးနှင့် သီးနှံများကို အာဟာရဖြစ်စေသော မြေသြဇာအဖြစ် ယင်းအညစ်အကြေးကို အသုံးပြုနိုင်သည်ဟု ဆိုသည်။
သို့ရာတွင် ထိုင်းနိုင်ငံတွင် ကျွဲများကို လယ်ယာလုပ်ငန်းတွင် အသုံးပြုလေ့ မရှိဘဲ ၎င်းတို့၏ လှပမှုနှင့် ကြံ့ခိုင်မှုအတွက် မွေးမြူကြပြီး ထိုင်းနိုင်ငံ၏ ကျွဲပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်စေသည်။ ကျွဲပွဲတော်များတွင် အနိုင်ရသော ကျွဲများကို ဘတ်သန်းပေါင်းများစွာဖြင့် လေလံတင် ရောင်းချကြသည်။
Asia Pacific Inspection Agency
ကျွဲပိုင်ရှင်ဖြစ်သူ Mongkol က ၎င်းမိသားစုသည် ကျွဲကို မျိုးဆက်ပေါင်းများစွာ မွေးမြူထားသည်ဟု ဆိုသည်။ မွေးဖွားလာစဉ်ကတည်းက Mongkol သည် မိသားစုအလုပ်အတွက် ကျွဲများကို မွေးမြူခဲ့ပြီး သားသမီးများအား ကျောင်းပို့နိုင်ရန် ပိုက်ဆံရှာရာတွင် ကျွဲများကို ရောင်းစားခဲ့ကြောင်း ပြောသည်။
Mongkol ၏ အဆိုအရ ထိုင်းနိုင်ငံမှ ရွာသားအများစုသည် ကျွဲများထက် ပိုမို မြန်ဆန်သည့် လယ်ထွန်စက်များကို အသုံးပြုလာကြပြီး ကျွဲများမှ ရရှိသည့် အညစ်အကြေး မြေဩဇာထက် ဓာတုမကင်းလွတ်သည့် ဓာတ်မြေဩဇာများကို ရွေးချယ် အသုံးပြုကြသောကြောင့် ထိုင်းလူ့အဖွဲ့အစည်းတွင် ကျွဲများ၏ အခန်းကဏ္ဍသည် ကျဆင်းလာနေကြောင်း သိရသည်။
မိသားစု အစဉ်အဆက် ကျွဲများဖြင့် အသက်မွေးဝမ်းကြောင်း ပြုလာသဖြင့် ၎င်းတို့နှင့် ရင်းနှီးစွာ နေထိုင်ကြောင်းနှင့် ကျွဲများသည် ယဉ်ပါးသော တိရစ္ဆာန်များဖြစ်ကာ မွေးမြူရ လွယ်ကူပြီး နွားများထက် ရောဂါဒဏ် ပိုခံနိုင်သည်ဟု Mongkol က ဆိုသည်။
လက်ရှိတွင် မွေးမြူထားသည့် ကျွဲကောင်ရေ (၂၀) ကျော် ရှိသော်လည်း “ Big Billion “ သည် အကောင်းဆုံးသော ကျွဲတစ်ကောင်ဖြစ်ကာ ယင်းအား လွန်ခဲ့သည့် (၆) နှစ်ခန့်က ကျွဲပြိုင်ပွဲတစ်ခုမှ ဘတ် (၅) သိန်းဖြင့် ဝယ်ယူ မွေးမြူခဲ့ခြင်း ဖြစ်သည်။ ကျွဲပြိုင်ပွဲတွင် လေလံတင် ရောင်းချသည့် ကျွဲများသည် ပုံမှန်အားဖြင့် ဘတ် (၄) သောင်းမှ (၅) သောင်းကြားသာ ရှိသည်။
ပြည်နယ်အဆင့် ကျွဲအလှပြိုင်ပွဲများတွင် Big Billion က အကြိမ်ကြိမ် အနိုင်ရရှိပြီးနောက်တွင် ၎င်းအား ဝယ်ယူလိုသူ များပြားလာခဲ့သည်။ Big Billion ကို ဝယ်ယူရန် ဘတ်ငွေ သန်း (၃၀) ထိ ကမ်းလှမ်းခဲ့သော်လည်း Mongkol က ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့သည်။
ထို့ကြောင့် နိုင်ငံတစ်ဝှမ်းရှိ မွေးမြူရေးသမားများသည် လစဉ် ဘတ်ငွေ (၁) သန်း ထုတ်ပေးနိုင်သည့် Big Billion ၏ သုက်ရည်ကို ဝယ်ယူလိုခြင်း ဖြစ်သည်။ ကာလဆင်ပြည်နယ် တစ်ဝိုက်တွင် ကျွဲမွေးမြူသူ (၃၅၀) ခန့် ရှိပြီး အချိန်ကာလ အတော်ကြာ ကျွဲမွေးမြူရေး ဈေးကွက် ပျက်နေရာမှ ယခုအချိန်တွင် လူအများ ပြန်လည် စိတ်ဝင်စားလာကြကြောင်း သိရသည်။
ပြည်နယ်အတွင်းမှ Big Billion ၏ သုတ်ရည်ကို ဝယ်ယူခဲ့သည့် လယ်သမားတစ်ဦးဖြစ်သော အသက် ၃၆ နှစ်အရွယ် Prompong Pimphao က သားသတ်ရုံမှ ဘတ် ၂၀,၀၀၀ ဖြင့် Boonrod အမည်ရှိ ကျွဲမတစ်ကောင် ဝယ်ယူခဲ့ပြီး Big Billion ၏ သုတ်ရည်ဖြင့် ပေါင်းစပ် မျိုးပွားခဲ့ကြောင်း ဆိုသည်။
ထိုသို့ မျိုးစပ်ပြီးနောက် ကိုယ်ဝန်ဆောင်ချိန် ကာလအတွင်း Boonrad ၏ အသားအရေသည် ချောမွေ့ လှပလာပြီး ၎င်းအား ဘတ် (၂) သိန်းဖြင့် ဝယ်ယူလိုသူပင် ရှိခဲ့ကြောင်း Prompong က ပြောသည်။ Boonrad မှ Petch Puthai အမည်ရှိ ကျွဲထီးတစ်ကောင်ကို ဖွားမြင်ခဲ့ပြီး Big Billion အတိုင်း သန်မာ လှပကြောင်း သိရသည်။
ထိုအချိန်တွင် Boonrad နှင့် Petch Puthai အား ဝယ်ယူရန် တခြားလယ်သမားတစ်ဦးက ဘတ် (၅) သိန်းဖြင့် ထပ်မံ ကမ်းလှမ်းခဲ့သော်လည်း ပိုင်ရှင်ဖြစ်သည့် Prompong က မရောင်းပဲ Big Billion ကဲ့သို့ တန်ဖိုးရှိသည့် ကျွဲတစ်ကောင် ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင် မွေးမြူခဲ့သည်။
Big Billion ၏ သုတ်ရည်ကို ရောင်းချပြီး ပိုင်ရှင် Mongkol က လစဉ် ဘတ် (၁) သန်း ရရှိသည် နည်းတူ ၎င်းကျွဲကို မျိုးစပ်၍ မွေးဖွား အောင်မြင်လာသည့် ကျွဲများသည်လည်း နောင်တွင် တန်ဖိုးကြီးလာကာ ပိုင်ရှင်လယ်သမားများအနေဖြင့် ဝင်ငွေများစွာ ရရှိနိုင်သည်ဟု တွက်ဆနိုင်သည်။
ပြီးခဲ့သည့်နှစ် မတ်လတွင်လည်း ရှားပါးလှသည့် ကျွဲတစ်ကောင်ကို ဘတ်ငွေ (၂.၅) သန်းဖြင့် (၁၀) ကြိမ်မြောက် ထိုင်းနိုင်ငံ ကျွဲအလှပြိုင်ပွဲမှ လေလံတင် ရောင်းချခဲ့သေးကြောင်း သိရသည်။
Su Mon Oo
Source: https://thethaiger.com/