Fruits & Vegetables
အိန္ဒိယနိုင်ငံရှိ ရေကြီးမှု များကြောင့် ပြည်နယ်အချို့ သီးနှံစိုက်ခင်း များ ထိခိုက်မှုရှိနေ
အိန္ဒိယနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း နိုင်ငံတစ်ဝန်းလုံး၌ မိုးရွာသွန်းမှုအားကောင်းခဲ့ရာ ပုံမှန်ပျမ်းမျှမိုးရေချိန်ထက် ၂၇% ပိုမိုလျက် နှစ်ပေါင်း ၄၄ နှစ်အတွင်း ဩဂုတ်လ၏ မိုးရေချိန်အများဆုံးရရှိသည့်ကာလအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း အိန္ဒိယ မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
ထိုကဲ့သို့ မိုးရေချိန်ပိုမိုရရှိမှုနှင့်အတူ နိုင်ငံ၏အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသ ရှိ ဂူဂျရတ်၊ မဟာရတ္ထ၊ ရာဂျပ်စတန်၊ မဒ္ဒရာပရာဒေ့ရှ်၊ ကာနာတကာ စသည့် ပြည်နယ်များ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ မိုးသီးနှံစိုက်ခင်းအချို့မှာ ထိခိုက်ပျက်စီးနိုင် ဖွယ်ရာရှိကြောင်း အိန္ဒိယသတင်းဌာနများက ဖော်ပြကြပါသည်။
ဩဂုတ်လကုန်ပိုင်း ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တွင် မိုးများသန်းထန်းစွာရွာမှုကြောင့် ပဲပုတ်စိုက်ခင်းပေါင်း ဟက်တာ ၇၀၀၀၀ မှ ၇၅၀၀၀ အထိ ထိခိုက်မှုများရှိခဲ့ပြီး အလားတူ Vidarbha ဒေသအနောက်ပိုင်း ခရိုင် ၂ ခုတွင်လည်း ပဲတီစိမ်းနှင့် မတ်ပဲစိုက်ခင်း ဧရိယာ ဟက်တာ ၂၀၀၀၀ ကျော် ထိခိုက်ပျက်စီးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ သိုပေမယ့် စပါးနှင့် ဝါစိုက်ခင်းများမှာ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
သက်ဆိုင်ရာအာဏာပိုင်များက ယခုနှစ်တွင် ပဲပုတ်စိုက်ဧရိယာ ဟက်တာ ၁၄ သိန်း၊ မတ်ပဲ ဟက်တာ ၄ သိန်းနှင့် ပဲတီစိမ်း ဟက်တာ ၃ သိန်း ခန့်စိုက်ပျိုးထားရှိရာ မိုးဆက်လက်အားကောင်းနေပါက ပဲပုတ်စိုက်ခင်းများထိခိုက်မှုမှာ ပိုမိုလာနိုင်ဖွယ်ရှိတယ်လို့ စိုက်ပျိုးရေး ဌာနမှ အဆင့် မြင့်အရာရှိ တစ်ဦး၏ပြောကြားမှုကို Times of India သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကာနာတကာပြည်နယ်တွင် ဩဂုတ်လအတွင်း တောင်သူ များ ပဲတီစိမ်းများ စတင်ရိတ်သိမ်းလျက်ရှိရာ ပဲတီစိမ်းများ၌ အစိုဓာတ်ပါဝင်မှု ၁၇% မှ ၂၅% အထိရှိနေတဲ့အတွက် လုပ်ငန်းရှင်များက ဝယ်ယူလိုခြင်းမရှိ တောင်သူတွေအနေနဲ့ အခက်အခဲများနှင့် ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဒေသတွင်းရှိ ကုန်စည်ဒိုင်များတွင် ပဲတီစိမ်းအသစ် ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ငွေ ၄၀၀၀ မှ ၇၀၀၀ အတွင်း ဈေးနှုန်းဖြင့်သာ ရောင်းချနေရပြီး အစိုးရအနေနဲ့ ဝယ်ယူရေးလုပ်ငန်းတွေကို လိုလားတဲ့အတွက်တောင်သူ များ စောင့်ဆိုင်းနေရပါတယ်။ အဆိုပါ ကာနာတကာ ပြည်နယ်တွင် မိုးပဲတီစိမ်းတွေကို ယခင်နှစ်ထက် ၅၀% တိုးမြှင့်စိုက်ပျိုးထားပြီး ယခင်နှစ်ထက် ဟက်တာ ၃.၈၅ သိန်း တိုးမြှင့်စိုက်ပျိုးထားတာလည်း ဖြစ်တယ်The Hindu Business Line သတင်းဌာနက ဖော်ပြပါတယ်။
အစိုးရအနေဖြင့် အခက်ခဲများ ကြုံတွေ့နေတဲ့ မိုးသီးနှံရာသီ စိုက်ပျိုးတောင်သူများအတွက် ၁.၆.၂၀၂၀ နေ့တွင် အနိမ့်ဆုံးဈေးနှုန်းပေးဝယ်ယူရန် ပဲတီစိမ်း ၁ ကွင်တယ်လျှင် ၇၁၉၆ ရူပီးနှုန်း သတ်မှတ်ခဲ့ပါတယ်။
ဂူဂျရတ်ပြည်နယ်တွင် မိုးသီးနှံဧရိယာ ဟက်တာ စုစုပေါင်း ၈၄.၅ သိန်း၏ ၉% ခန့်မှာ ရေကြီးမှုများကြောင့် ထိခိုက်ဖွယ်ရှိတယ်လို့ ပြည်နယ်စိုက်ပျိုးရေးဌာနက ခန့်မှန်းထားပေမယ့် Saurashtra ဒေသတွင် သီးနှံစိုက်ခင်းများ ထိခိုက်မှု၏ ၇၅% ရှိခဲ့ပါတယ်။ ထိုသီးနှံစိုက်ခင်းများတွင် မြေပဲနှင့် ဝါ စိုက်ခင်းများ အဓိကပျက်စီးမှုရှိပြီး နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် မတ်ပဲ စိုက်ခင်းများလည်းပါဝင်တယ်လို့ Times of India သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အလားတူ ၃၁.၈.၂၀၂၀ နေ့တွင် ဝန်ကြီးချုပ် Mr. Shivraj Singh Chouhan က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများကြောင့် မိုးသီးနှံစိုက်ခင်း ဧရိယာ ဟက်တာ ၇ သိန်းခန့် ထိခိုက်ပျက်စီးမှုများ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ထိုထိခိုက်ပျက်စီးမှုများတွင် ရေကြီးမှုအပြင် ပင်စည်ထိုးယင်ကောင်ကျရောက်မှုများလည်း ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။ ထိုပျက်စီးမှုတွင် မြေပဲ၊ ဝါ၊ မတ်ပဲနှင့် ပဲတီစိမ်း သီးနှံစိုက်ခင်းများလည်း ပါဝင်ပါတယ်။
ပြည်တွင်း သီးနှံစိုက်ခင်းများ ပျက်စီးမှုများကြောင့် အိန္ဒိယအစိုးရအနေဖြင့် မတ်ပဲတင်သွင်းမှုအား ငြင်းဆန်းခဲ့ပြီးနောက် ပြည်တွင်း မတ်ပဲဈေးနှုန်းအား ၈% မှ ၁၀% အထိ ၊ ပဲတီစိမ်းဈေးနှုန်းအား ၅% မှ ၆% အထိ စျေးနှုန်း မြင့်တက်စေခဲ့တယ်လို့ အိန္ဒိယပဲခွဲစက်လုပ်ငန်းရှင်များအသင်းက ပြောဆိုပါတယ်။ လက်ရှိအခြေအနေအရ မိုးသီးနှံ ပဲပုတ်စေ့ထုတ်လုပ်နိုင်မှုမှာ ၁၅% မှ ၂၀% အထိ လျော့ကျဖွယ်ရှိပြီး စက်တင်ဘာလအတွင်း မိုးရွာသွန်းမှု ဆက်လက်အား ကောင်းခဲ့ပါက ထို့ထက်ပိုမိုနိုင်ကြောင်း စားသုံးဆီလုပ်ငန်းနယ်ပယ်မှ ပညာရှင် Mr. Govindbhai Patel က ပြောကြားခဲ့ပါတယ်။
ရေကြီး ရေလျှံမှုများကြောင့် အန္တရာပရာဒေ့ရှ်၊ တဲလန်ဂါနာ၊ ဘီဟာ၊ ဩရိသျှ စသည့် ပြည်နယ်များတွင် စပါးနှင့် အခြားသီးနှံ စိုက်ခင်းများ ထိခိုက်မှုရှိများရှိသည့်အတွက် ရေကြီးနစ်မြုပ်နေမှုကြောင့် ပျက်စီးမှုများစာရင်းအမှန်ကို ရေကျဆင်းသွားချိန်မှသာ ထိခိုက်မှုစုစုပေါင်း စာရင်းကို မှန်းဆနိုင်မယ်လို့ သိရပါတယ်။
By Aung Win (Myanmar Food Industry Guide)
(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)