Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်ဒေသ စိုက်ပျိုးရေးအတွက် ရေစုဆောင်းနည်းနှင့် ရေချွေတာသုံးစွဲနည်းလမ်းများ

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်ဒေသ စိုက်ပျိုးရေးအတွက် ရေစုဆောင်းနည်းနှင့် ရေချွေတာသုံးစွဲနည်းလမ်းများ Google

မြန်မာနိုင်ငံအလယ်ပိုင်းရှိ အပူပိုင်းဒေသဖြစ်သော မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့သည်

ပဲမျိုးစုံနှင့် ဆီထွက်သီးနှံအဓိက စိုက်ပျိုးထုတ်လုပ်သော ဒေသများဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၅၄၃၉၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်း၍ မြန်မာနိုင်ငံ စုစုပေါင်းဧရိယာ၏ ၁၀ ရာခိုင် နှုန်းခန့်ရှိသည်။ တစ်နှစ်ပတ်လုံး ပျမ်းမျှ မိုးရေချိန် ၇၀၀- ၁၀၀၀ မီလီမီတာခန့်သာရရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဓိက အဟန့်အတား ဖြစ်နေသည်။

 

ဇွန်လနှင့် ဇူလိုင်လတို့တွင် မိုးရွာသွန်းမှုနည်းခြင်း၊ အပူချိန် မြင့်မားခြင်းနှင့် လေတိုက်နှုန်းမြင့်မား ခြင်းတို့ကြောင့် ပူပြင်းခြောက်သွေ့ပြီး အပေါ်ယံစိုက်ပျိုးမြေသား ဆုံးရှုံးမှုများ နှစ်စဉ်ကြုံတွေ့နေရသည်။ ထို့အပြင် ရွာသွန်းသော မိုးရေချိန်ပမာဏသည် တစ်နှစ်ထက်တစ်နှစ် သိသိသာသာနည်းလာခြင်း၊ မိုးရွာသွန်းမှုပုံစံ မမှန်ခြင်းနှင့် ပျံ့နှံ့စွာရွာသွန်းမှုမရှိခြင်းတို့ကိုလည်း ကြုံတွေ့နေရသည်။

 

အပူပိုင်းဇုန်ဒေသ၏ မြေများသည် သစ်ဆွေးဓာတ်နည်းပြီး သဲဆန်သောမြေများ ဖြစ်ခြင်းကြောင့် ရေထိန်းသိမ်း နိုင်မှုနည်းသော မြေအမျိုးအစားများဖြစ်သည်။ မိုးရေချိန်နည်းပါးသော ဇွန်နှင့် ဇူလိုင်လများတွင် စိုက်ပျိုးမြေများ၏ မြေအစိုဓာတ်ကို ထိန်းထားနိုင်မှု နည်းခြင်းနှင့် ရေငွေ့ပျံမှုများခြင်းသည် သီးနှံပင်များ၏ ကြီးထွားမှုကို အဟန့်အတား ဖြစ်စေသည်။


မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်ဒေသများတွင် စိုက်ပျိုးရေးကဏ္ဍအတွက် သွင်းရေအရင်းအမြစ် ရရှိရေးသည် အရေးကြီးဆုံးအချက်ဖြစ်သည်။ ထို့ကြောင့် တောင်သူများအနေဖြင့် သီးနှံအထွက်တိုးလာစေရန် ရွာသွန်းသော မိုးရေကို စနစ်တကျစုဆောင်းပြီး အကျိုးရှိစွာ အသုံးချနိုင်ရေးသည် အရေးကြီးလာသည်။ သို့ဖြစ်၍ Japan International Cooperation Agency(JICA)၏ အထောက်အပံ့ဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဆောင်ရွက်ခဲ့သော "အပူပိုင်းဇုန်ဒေသအတွင်း ရေချွေတာသုံးစွဲသည့် စိုက်ပျိုးရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း"မှ ရလဒ်များကို အခြေခံပြီး မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများတွင် မိုးရေကို စုဆောင်းထိန်းသိမ်း ထားခြင်းနှင့် စိုက်ပျိုးရေကို ချွေတာသုံးစွဲသော နည်း စနစ်များကို တောင်သူများ လိုက်ပါဆောင်ရွက်နိုင်ရန် အတွက် ဖော်ပြသွားမှာဖြစ်သည်။


ရေစုဆောင်းခြင်းနည်း(၃)မျိုး


မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသနှင့်သင့်လျော်သော အောက်ပါရေစုဆောင်းနည်းလမ်း သုံးမျိုးဖြင့် မိုးရေကို စုဆောင်းနိုင်ပါသည်။


(က) ခေါင်မိုးမှ မိုးရေကို တိုက်ရိုက်စုဆောင်းခြင်း၊


(ခ) စိုက်ခင်းအတွင်း မိုးရေခံမြောင်းနှင့် ပေါင်များ (Bank and Ditch) ပြုလုပ်ခြင်းနှင့်


(ဂ) စိုက်ခင်းအနီး ရေကန်များတည်ဆောက်၍ စီးဆင်း လာသောမိုးရေများကို စုဆောင်းခြင်းတို့ ဖြစ်ပါသည်။


ခေါင်မိုးမှရွာသွန်းသောမိုးရေကို စုဆောင်းခြင်း


ခေါင်မိုးမှ မိုးရေစုဆောင်းခြင်းနည်းလမ်းသည် ခြောက်သွေ့သောရာသီတွင် ပြန်လည်အသုံးပြုနိုင်ရန် မိုးရာသီကာလ အတွင်း ရေပမာဏမြောက်မြားစွာကို စုဆောင်းနိုင်သည့် ရိုးရှင်းသောနည်းလမ်းဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသများတွင် သီးနှံပင်များအတွက် ရေလိုအပ်သည်သာမက သောက်သုံးရေရှားပါးသည့် ပြဿနာနှင့် ရင်ဆိုင်နေရသည်။ ခေါင်မိုးမှရသော မိုးရေကို စနစ်တကျ စုဆောင်းသိုလှောင်ထားပြီး သောက်သုံးရေအတွက် သာမက မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် အသုံးပြုခြင်းအားဖြင့် မိသားစုဝင်ငွေတိုးစေမည်ဖြစ်သည်။


စိုက်ခင်းအတွင်း မိုးရေခံမြောင်းတူးခြင်းနှင့် ပေါင်များပြုလုပ်ခြင်း


စိုက်ခင်းအတွင်း မိုးရေခံမြောင်းတူးခြင်းနှင့် ပေါင်များပြုလုပ်ခြင်းသည် ရိုးရှင်းပြီး အသုံးများသော နည်းလမ်း ဖြစ်သည်။ မိုးရေကို စနစ်တကျစီမံခန့်ခွဲခြင်းနှင့် မြေဆီလွှာတိုက်စားခြင်းကို ကာကွယ်ပေးနိုင်သော နည်းလမ်းလည်း ဖြစ်သည်။ မြင်းခြံစိုက်ပျိုးရေးသုတေသနခြံ၌ ၂၀၁၅ ခုနှစ်တွင် နှံစားပြောင်းသီးနှံနှင့် ပဲစင်းငုံသီးနှံ သီးညှပ် စိုက်ခင်းကြားတွင် အကျယ် ၁ ဒသမ ၅ ပေနှင့် အနက် ၃ ပေ မိုးရေခံမြောင်းတူးပြီး ပေါင်တားပြုလုပ်ခြင်း ဖြင့် စိုက်ခင်း၏အစိုဓာတ်ကို ၁၅ ရာခိုင်နှုန်း ပိုမိုထိန်းထား နိုင်ပြီး ပဲစင်းငုံသီးနှံ၏ အထွက်နှုန်းတွင် ၁၀ ရာခိုင်နှုန်း ပိုမိုထွက်ရှိသည်ကို တွေ့ခဲ့ရသည်။


မကွေးစိုက်ပျိုးရေးသုတေသနခြံ၌ နှမ်းစိုက်ခင်း အလယ်တွင် အကျယ် ၁ ဒသမ ၅ ပေနှင့် အနက် ၃ ပေ တူးပြီး အနိမ့်ပိုင်းဘက်တွင် ရေတားပေါင်များပြုလုပ်ခဲ့ရာ နှမ်းသီးနှံ၏အထွက်နှုန်းတွင် သိသာစွာကွာခြားခြင်း မရှိသော်လည်း နှစ်စဉ်ကြုံတွေ့နေရသော ရေတိုက်စားမှုကို ကာကွယ်နိုင်ခဲ့သည်။ ညောင်ဦးစိုက်ပျိုးရေးသုတေသနခြံ၌ ၂၀၁၆ ခုနှစ် က မြေပဲစိုက်ခင်းဘေးတွင် အကျယ် ၁ ဒသမ ၅ ပေ၊ အနက် ၃ ပေရှိ မိုးရေခံမြောင်းတူးပြီး ရေတားပေါင်ပြုလုပ်ခဲ့ကာ ယင်းရေတားပေါင်များ၏ဘေးတွင် မြေပြန့်ချယ်ရီပင်များ စိုက်ပျိုးခဲ့ရာ အဆိုပါစိုက်ကွက်သည် အခြားစိုက်ခင်းများထက် မြေပဲအထွက်နှုန်းတွင် ၁၃ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုထွက်ရှိသည်ကို တွေ့ရသည်။


အပူပိုင်းဇုန်ဒေသအတွင်း မိုးရေခံမြောင်းများတူးပြီး ပေါင်များပြုလုပ်ခြင်းဖြင့် မြေ၏အစိုဓာတ်ကို ပိုမိုထိန်း ထားနိုင်ပြီး သီးနှံအထွက်နှုန်းကို ပိုကောင်းစေသည့်အပြင် မြေဆီလွှာ အာဟာရဓာတ်ဆုံးရှုံးမှုကိုလည်း ကာကွယ်နိုင် ကြောင်း လက်တွေ့စမ်းသပ်ချက်များအရ သိရခြင်းဖြစ်သည်။


စိုက်ခင်းအနီး ရေစုဆောင်းကန်တည်ဆောက်ခြင်း


မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့သောနေရာများတွင် သီးနှံသက်တမ်းတစ်လျှောက် မိုးရေချိန်လုံလောက် စွာရရှိရေးမှာ အလွန်ခက်ခဲလှပေသည်။ မိုးရေချိန် မလုံလောက်ခြင်း၊ နေအပူချိန်မြင့်မားခြင်းနှင့် လေတိုက်နှုန်း မြင့်မားခြင်းတို့ကြောင့် သီးနှံအထွက်နှုန်းမှာလည်း သိသိသာသာ လျော့ကျလျက်ရှိသည်။ သီးနှံအထွက်တိုးစေရန် သီးနှံသက်တမ်းတစ်လျှောက် ဖြည့်စွက်ရေရရှိရန် ရည် ရွယ်ချက်ဖြင့် ရေကန်ငယ်များကို တည်ဆောက်၍ ပြင်ပမှ စီးဆင်းလာသောမိုးရေများကို စုဆောင်းသိုလှောင်ရခြင်း ဖြစ်သည်။ ထို့အပြင် ရေကန်ငယ်မှရေကို အသုံးချပြီး ဝင်ငွေရရှိလွယ်သော ဟင်းသီးဟင်းရွက် (Cash Crops) စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေပိုမိုရရှိစေမည် ဖြစ်သည်။


ရေချွေတာသုံးစွဲနည်း


ရေချွေတာသုံးစွဲသည့် စိုက်ပျိုးရေးနည်းနှင့် ပတ်သက်၍ အောက်ပါနည်းနှစ်မျိုးကို အဓိကထား ဆောင်ရွက်နိုင်သည်။


(က) မွှားစနစ်ဖြင့်ရေသွင်းခြင်း (Sprinkler Irrigation) နှင့်


(ခ) အစက်ချစနစ်ဖြင့်ရေသွင်းခြင်း (Drip Irrigation) တို့ဖြစ်သည်။


မွှားစနစ်ဖြင့်ရေသွင်းခြင်း


ယေဘုယျအားဖြင့် မွှားစနစ်ဖြင့် ရေပေးသွင်းနည်းလမ်းကို သီးနှံမျိုးစုံတွင် အသုံးပြုနိုင်သည်။ ထိုရေပေးခြင်း နည်းစနစ်သည် စိုက်ခင်းများ၏ နေရာတိုင်းတွင် ရေရရှိမှု တညီတညာတည်း ဖြစ်စေနိုင်သည်။ ယင်းနည်းစနစ်ကို မြေအမျိုးအစား အများစုတွင် အသုံးပြုနိုင်သော်လည်း ရေစိမ့်ဝင်မှုမြန်သည့် သဲဆန်သောမြေတွင် အထူးသင့် တော်ပြီး မြေမျက်နှာပြင်တွင် အက်ကွဲနေသော မြေမျိုး၌ အသုံးပြုရန် မသင့်တော်ပေ။ ယင်းအပြင် ထိုစနစ်ကို အသုံးပြုသည့်အခါ မြေပေါ်တွင် ရေဝပ်ခြင်း၊ ရေများ စီးဆင်းခြင်း မဖြစ်ပေါ်စေရန် မြေထဲသို့ ရေစိမ့်ဝင်မှုနှုန်း ထက်နည်းသော ရေမွှားထွက်မှုနှုန်းကို အသုံးပြုသင့်သည်။ ထို့ကြောင့် ရေမွှားထွက်မှုနှုန်းကို ဇယားတွင် ဖော်ပြထား သောမြေ အမျိုးအစားအလိုက် မြေ၏စိမ့်ဝင်မှုနှုန်းပေါ်တွင် အခြေခံ၍ စဉ်းစားရွေးချယ် အသုံးပြုသင့်သည်။

 

မြေအမျိုးအစားအမျိုးမျိုးအတွက်အခြေခံရေစိမ့်ဝင်မှုနှုန်းများ

 



မွှားစနစ်ဖြင့် ရေပေးသွင်းခြင်း နည်းစနစ်၏အားသာချက်များ


(၁) အလွန်ရွှံ့စေးဆန်သောမြေမှလွဲ၍ မြေအမျိုးအစား အားလုံးအတွက် သင့်တော်ခြင်း၊

 

(၂) သဲဆန်သော မြေများအတွက် အထူးသင့်တော်ခြင်း၊


(၃) တစ်ယူနစ်ဧရိယာတွင် အပင်ဦးရေများသော သီးနှံ များအတွက် သင့်တော်ခြင်း၊


(၄) ရေတစ်ယူနစ် အသုံးပြုမှုအပေါ်တွင် အထွက်နှုန်း ပိုမိုမြင့်မားခြင်း၊


(၅) ရေပိုက်များကို လိုအပ်သလို ရွှေ့ပြောင်းအသုံးပြုနိုင် ခြင်းနှင့်


(၆) မြေမျက်နှာသွင်ပြင် အမျိုးမျိုးတွင် အသုံးပြုနိုင်ခြင်းတို့ ဖြစ်ပါသည်။


မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများတွင် ရွာသွန်းသော မိုးရေဖြင့် မြေပဲသီးနှံကို စိုက်ပျိုးကြသည်။ ထို့ ကြောင့် မြေပဲသီးနှံ ကြီးထွားမှုကာလတစ်လျှောက်တွင် မိုးရေပြတ်လပ်မှုများရှိလျှင် မြေပဲအထွက်နှုန်းကို မထိခိုက် အောင် ဖြည့်စွက်ရေသွင်းရန် လိုအပ်သည်။ မိုးရေပြတ် လပ်မှုအပေါ်မူတည်၍ အောက်ပါအတိုင်း ရေပေးသွင်း သင့်သည်။


- စိုက်ပျိုးပြီး ရက် ၂၀ ကြားတွင်(၁)ကြိမ်


- ပန်းပွင့်ချိန်ကာလတွင် (၂)ကြိမ်


- စွယ်ချချိန်တွင် (၂)ကြိမ်


- အတောင့်ဖြစ်ပေါ်ချိန်တွင် (၂-၃) ကြိမ်


မြေပဲသီးနှံကို ရေပေးသွင်းရာတွင် မွှားစနစ်ဖြင့် ရေပေးသွင်းခြင်းသည် ရေသုံးစွဲမှုကို ၃၀- ၃၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည့်အတွက် ရေချွေတာသုံးစွဲသော ရေပေး သွင်းနည်းဖြစ်သည်။ ယင်းစနစ်သည် ကုန်ကျစရိတ် အနည်းငယ်များသော်လည်း ရေကို ချွေတာနိုင်ခြင်းနှင့် အထွက်နှုန်းကို သိသာစွာ မြင့်မားစေခြင်းကြောင့် မြေပဲ စိုက်တောင်သူများ လက်ခံကျင့်သုံးသင့်သော နည်းလမ်းဖြစ်သည်။


အစက်ချစနစ်ဖြင့်ရေသွင်းခြင်း


အစက်ချစနစ်ဖြင့် ရေပေးသွင်းခြင်းနည်းလမ်းသည် လည်း ရေများကို စနစ်တကျ ချွေတာသုံးစွဲသည့်နည်း ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသကဲ့သို့သော မိုးနည်းရေရှားဒေသများတွင် စုဆောင်းထား သော မိုးရေများကို တစ်နိုင်တစ်ပိုင် ဝင်ငွေရဟင်းသီး ဟင်းရွက် စိုက်ခင်းများတွင် ရေကိုအကျိုးရှိရှိ ချွေတာသုံးစွဲ နိုင်ရန် အစက်ချ ရေပေးသွင်းခြင်းနည်းလမ်းသည် အသုံး ဝင်ပြီး အလွန်သင့်လျော်သော နည်းလမ်းဖြစ်သည်။ ရေ အစက်ချသုံးစွဲစနစ်ကို တပ်ဆင်ရန် လုပ်အားလိုအပ်ချက် နှင့် ကုန်ကျစရိတ်များသော်လည်း တပ်ဆင်ပြီးသည်နှင့် လုပ်အားလိုအပ်မှုကို လျှော့ချနိုင်သလို ရေကို လွယ်ကူစွာ ပေးသွင်းနိုင်သည်။ ယင်းရေပေးသွင်းခြင်းစနစ်သည် ရေ ပုံမှန်ပေးရန်လိုအပ်သော တန်ဖိုးမြင့်ဝင်ငွေများ တစ်နိုင် တစ်ပိုင် စိုက်ခြင်းအတွက် ပိုမိုသင့်လျော်ပါသည်။


အစက်ချ ရေပေးသွင်းခြင်းနည်းစနစ်၏ အကျိုးကျေးဇူးများ


(၁) အပင်အမြစ်ဇုန်သို့ ရေကို တိုက်ရိုက်ရောက်စေနိုင်ပြီး ရေပေးသွင်းခြင်းကို လွယ်ကူစွာ ထိန်းချုပ်နိုင်ခြင်း၊


(၂) အခြားရေပေးသွင်းခြင်းနည်းလမ်းများထက် အငွေ့ပျံခြင်းကြောင့် ရေဆုံးရှုံးမှုလျော့နည်းစေခြင်း၊


(၃) အပင်၏အပေါ်အစိတ်အပိုင်းများ ရေစိုစွတ်ခြင်း မရှိသည့်အတွက် စိုထိုင်းမှုကြောင့် ဖြစ်ပေါ်တတ်သော အပင်ရောဂါပြဿနာများ လျော့နည်းစေနိုင်ခြင်းနှင့်


(၄) အပင်၏အောက်ခြေ မြေဧရိယာအနည်းငယ်ကိုသာ ရေပေးသွင်းခြင်းကြောင့် ပေါင်းမြက်ပြဿနာများ လျော့နည်းစေခြင်းတို့ ဖြစ်သည်။


ထိုသို့သော အကျိုးကျေးဇူးများကြောင့် အစက်ချ ရေပေးသွင်းခြင်းစနစ်ကို အသုံးပြုခြင်းအားဖြင့် သီးနှံအထွက်နှုန်း ကို ပိုမိုကောင်းစေသည့်အပြင် ရေကိုချွေတာ သုံးစွဲနိုင်ခြင်းကြောင့် တောင်သူများအတွက် အကျိုးကျေးဇူးများလည်း ပိုမိုရရှိနိုင်မည်ဖြစ်သည်။ အပူပိုင်းဇုန်ဒေသရှိ တောင်သူများအနေဖြင့် သီးနှံအထွက်နှုန်းကို ထိခိုက်မှုမရှိဘဲ ရေချွေတာသုံးစွဲခြင်း နည်းလမ်းများကို သိရှိလိုက်နာ အသုံးပြုခြင်းဖြင့် ဝင်ငွေတိုးတက်စေရန် ရည်ရွယ်လျက် ရေးသားဖော်ပြလိုက်ရပါသည်။

 

By Wyk (Myanmar Food Guide)

MDN-ဝင်းစိုး(စိုက်ပျိုးရေးသုတေသနဦးစီးဌာန)

Read times
Rate this item
(2 votes)