Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


သီပေါနှင့် နောင်ချိုဒေသများမှ စတင်ထွက်ရှိလာသည့် ပန်းနှမ်းများ မန္တလေးဈေးကွက်သို့ အဖွင့်ဈေးကောင်းဖြင့် ဝင်ရောက်လာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါနှင့် နောင်ချိုဒေသများမှ ပေါ်ဦးပေါ်ဖျား စတင်ထွက်ရှိလာသည့်

ပန်းနှမ်း (Niger Seed)များ မန္တလေးဈေးကွက်သို့ အဖွင့်ဈေးကောင်းဖြင့် ဝင်ရောက်လာကြောင်း မန္တလေး ပဲကုန်သည်များထံမှ သိရသည်။

အဆိုပါ ပန်းနှမ်းသည် ပြည်ပဝင်ငွေရှာဖွေပေးသည့် နှမ်းသီးနှံဖြစ်သည့်အပြင် တောင်ပေါ်ဒေသများ၌ သာ စိုက်ပျိုးဖြစ်ထွန်းနိုင်သဖြင့် ယခုရာသီကာလတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းတစ်ခွင်၌ အဝါရောင် ပန်းနှမ်းခင်းများအား ရှမ်းတောင်တန်းကြီးများနှင့် ယှဉ်တွဲ၍ ပန်းချီကားတစ်ချပ်ပမာ မြင်တွေ့နိုင်ကြောင်း သိရသည်။
" ဒီပန်းနှမ်းကို ပြည်တွင်းပြည်ပ ဝယ်ယူကြပြီး ပြည်တွင်းမှာတော့ ဆီကြိတ်ပြီး တချို့မုန့်လုပ်ငန်းတွေမှာ အကြော်ဆီအနေနဲ့ အသုံးပြုကြတယ်။ ပြည်ပနိုင်ငံတွေမှာတော့ ဆီအဖြစ်ထုတ်လုပ်ပြီး စားသုံးရုံသာမ က အလှကုန်ပစ္စည်းနဲ့ ဆေးဝါးထုတ်လုပ်တဲ့နေရာတွေမှာလည်း အသုံးပြုကြတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒေသခံရှမ်းတိုင်းရင်းသား တောင်သူတွေအနေနဲ့ သူတို့အတွက် အဓိကဝင်ငွေရရှိစေနိုင်တဲ့ သီးနှံအဖြစ် ပိုမိုတိုးချဲ့စိုက်ပျိုးလာကြတဲ့အတွက် ဒီလိုရာသီမှာ ရှမ်းပြည်နယ် ဒေသတွေမှာတော့ အဝါရောင် ပန်းနှမ်းခင်းတွေကို ပန်းချီကားတစ်ချပ်ကဲ့သို့ လှပစွာမြင်တွေ့နိုင်ပါတယ်" ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။
အဆိုပါ ပန်းနှမ်းကို အိန္ဒိယနိုင်ငံမှ အများဆုံးဝယ်ယူလျက်ရှိပြီး ဒုတိယအများဆုံးအဖြစ် တရုတ်နိုင်ငံမှ ဝယ်ယူကြကြောင်းနှင့် ပြီးခဲ့သည့်နှစ် ယခုလိုရာသီချိန်တွင် သုံးတင်းဝင် (၄၅ ပိဿာ) တစ်အိတ်လျှင် ငွေကျပ် ၆၂၀၀၀ ဖြင့် အဖွင့်ဈေးစခဲ့သော်လည်း ယခုနှစ်တွင် ၇၀၀၀၀ နှုန်း အထိ အဖွင့်ဈေး မြင့်တက်လျက်ရှိသည့်အပြင် ရာသီဥတုမျှတသည့် အတွက်လည်း အထွက်နှုန်း အသင့်အတင့် ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ပန်းနှမ်းကို နှစ်စဉ် စက်တင်ဘာလအတွင်း စတင်စိုက်ပျိုးကြပြီး ဒီဇင် ဘာနောက်ဆုံးပတ်တွင် စတင်ထွက်ရှိကြောင်းနှင့် ၎င်းပန်းနှမ်းအား ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းဒေသများနှင့် ကချင်ပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး ထွက်ရှိသမျှ ပန်းနှမ်းများကို မန္တလေးဈေး ကွက်မှတစ်ဆင့် ပို့ဆောင်ရောင်းချကြောင်း သိရသည်။

MDN

 

Read times
Rate this item
(0 votes)