Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ကွမ်းဈေးမြင့်မားမှုကြောင့် ကွမ်းစိုက်သူများ အဆင်ပြေ

မြန်မာနိုင်ငံတွင် ကွမ်းစားသုံးသူ များပြားလာသည့်အတွက် ဒလမြို့နယ်တွင် ကွမ်းစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဒလမြို့နယ်၌ ကွမ်းစိုက်ပျိုးမှုအား ကျေးရွာများတွင် စိုက်ပျိုးမှုအများဆုံးဖြစ်ပြီး လယ်သမားအများစု စိုက်ပျိုးကြသည်။ ကွမ်းစိုက်သူများအနေဖြင့် အနည်းဆုံး ကွမ်းပင် (၄၀၀၀)မျှ စိုက်ပျိုးပြီး အချို့မှာ ပင်ရေ (၁၀၀၀)နှင့်အထက် စိုက်ပျိုးကြသူများလည်းရှိသည်။ ကွမ်းစိုက်ပျိုးမှုအား မိုးအကုန် ဆောင်းအကူးတွင် စိုက်ပျိုးလေ့ရှိကြပြီး စတင်စိုက်ပျိုးချိန်မှ နှစ်လ (သို့မဟုတ်) သုံးလအကြာတွင် အောက်ခြေသိမ်း (ကွမ်းရွက်အကြမ်းများ)အား ခူးယူပြီး တစ်လလျှင်နှစ်ကြိမ် (၁၅ ရက်တစ်ခါ) ခူးယူရကြောင်းနှင့် အချို့မျိုးကောင်း၍ ကွမ်းပင်ပိုးပွားမကျ ကျန်းမာရေးကောင်းပါက မျိုးပင်အဖြစ် အခြားကွမ်းစိုက်သူများအား ကွမ်းညွန့်ဖြတ်ရောင်းလေ့ရှိကြောင်းလည်း သိရသည်။
ကွမ်းစိုက်ပျိုးခြင်းသည် အိမ်ရှိ မိသားစုအားလုံး စုပေါင်းလုပ်ဆောင်ရသည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ခု ဖြစ်သည့်အပြင် ကွမ်းခူးသည့်အခါတွင်လဲ ခူးယူခြင်း၊ ကွမ်းခွေခြင်း/ကွမ်းစီခြင်း (ကွမ်းရွက်များအား အထပ်လိုက်ခွေ၍ ခြင်းကြီးထဲသို့ ခွေထည့်ခြင်း) လုပ်ငန်းများကြောင့် ဒေသနေပြည်သူများအတွက် ဝင်ငွေရသည့်လုပ်ငန်းလည်း ဖြစ်သည်။
ဒလမြို့နယ်တွင် ရွှေဒါးဗိုလ်အမည်ရှိ ကွမ်းအမျိုးအစားအား အများဆုံးစိုက်ပျိုးကြကြောင်းနှင့် ကွမ်းရွက်သားကောင်းခြင်း ဈေးကောင်းရခြင်းတို့ကြောင့်လည်း စိုက်ပျိုးသူအများစုမှ ရွေးချယ်စိုက်ပျိုးကြခြင်းလည်း ဖြစ်သည်။ ကွမ်းစိုက်သူများအနေဖြင့် ကွမ်းစိုက်ရာသီမတိုင်မီကပင် အခြားသော ကွမ်းစိုက်ရာအရပ်ဒေသများမှ ကွမ်းမျိုးကောင်းများရရှိနိုင်ရန် ဆက်သွယ်စုံစမ်း၍ သွားရောက်ဝယ်ယူကြရကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ကျောက်တန်းမြို့နယ်၊ တွံတေးမြို့နယ်များသို့ သွားရောက်ကြည့်ရှုလေ့လာ ဝယ်ယူကြရကြောင်း သိရသည်။
ဒလမြို့နယ် ထူးကြီးကျေးရွာအုပ်စု ရွာသစ်ကျေးရွာမှ ကွမ်းပင် (၄၀၀၀)စိုက်ပျိုးထားသူ ဦးလွင်ဦးက “ကျနော် ကွမ်းစိုက်သက် နှစ်(၂၀)ခန့်ရှိပြီ၊ ကွမ်းမျိုးကောင်း ဘယ်မှာရနိုင်မလဲ၊ ဘယ်ကွမ်းက ဈေးကောင်းရနိုင်မလဲဆိုတာ အမြဲလေ့လာနေရတယ်၊ ကွမ်းမျိုးလည်းကောင်းတယ်၊ မြေသြဇာကျွေးနည်း၊ ပြုပြင်ထိန်းသိမ်း ဂရုတစိုက်နဲ့ စိုက်ပျိုးမယ်ဆိုရင် ထွက်နှုန်းကောင်းပါတယ်၊ ကွမ်းခူးပတ်တစ်ပတ်ဆိုရင် အချိန်(၈၀)ကနေ (၁၀၀)ကြား ရတယ်” ဟု ပြောသည်။
ထို့ပြင် အခြားသော ကွမ်းစိုက်သူများကလည်း မိုးစပါးပြီးပါက နွေစပါးထပ်မံစိုက်ပျိုးလိုကြသော်လည်း စိုက်ပျိုးရေ အခက်အခဲရှိသည့်အတွက် နွေစပါးအစားထိုးသီးနှံအဖြစ် ကွမ်းစိုက်ပျိုးကြကြောင်း သိရသည်။
“ကျနော်တို့ လယ်သမားတွေ နွေစပါးစိုက်ပျိုးနိုင်ဖို့ စိုက်ပျိုးရေရရှိရေးအတွက် သက်ဆိုင်ရာက ရေလွှတ်မြောင်း တူးပေးထားတယ်။ ရေလွှတ်မြောင်းတူးတာ ကျနော့်မြေ နှစ်ဧကလောက်ပါသွားတယ်၊ ရေက ထင်သလောက်မရဘူး၊ ရေကန်ကရေကိုသုံးပြီး ကွမ်းစိုက်တာ၊ ရေလွှတ်မြောင်းက ရေသာရရင် နွေစပါးပါစိုက်ချင်တာ” ဟု ဦးလွင်ဦးက ရေလွှတ်မြောင်းမှ စိုက်ပျိုးရေ မရရှိသည် အခြေအနေအား ဖြည့်စွက်ရှင်းပြသည်။
ဒလမြို့နယ်ရှိ ကျေးရွာအချို့တွင် လယ်ယာစိုက်ပျိုးခြင်း၌ စက်ကိရိယာများ သုံးစွဲလာကြသည့်အတွက် လယ်ယာလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ လျော့နည်းလာကြောင်း၊ ကွမ်းစိုက်သူများကြောင့် ကွမ်းခြံမြေပြုပြင်ခြင်း၊ ကွမ်းခြံတိုင်ခွဲခြင်း၊ ကွမ်းညွန့်ချည်ခြင်း၊ ကွမ်းခူးခြင်း၊ ကွမ်းခွေခြင်း စသော အလုပ်အကိုင်များ ရရှိလာကြသည့်အပြင် ကွမ်းဈေးကောင်းမွန်သည့် အတွက်ကြောင့်လည်း ကွမ်းစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ကွမ်းစိုက်ပျိုးခြင်းအား ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်များတွင်လည်း တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ် စိုက်ပျိုးကြသည်များလည်းရှိကြောင်း သိရသည်။

Read times
Rate this item
(0 votes)