Fruits & Vegetables
ဆီးခြံလုပ်ငန်းများ ယခုနှစ်၌ ပွဲတော်များ မရှိသဖြင့် လက်လီဈေးကွက်ကိုအားထားရောင်းချနေရ
ရွှေစက်တော်နှင့် နဂါးပွက်တောင် ပွဲတော်များကိုနှစ်စဉ်အမှီပြုခဲ့ရသည့် ဆီးခြံလုပ်ငန်းများမှာ ယခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပွဲတော်များရပ်နားထားချိန်၌
လက်လီဈေးကွက်ကို အားထားရောင်းချနေရကြောင်း မင်းဘူးဒေသ စိုက်ပျိုးရေးလုပ်ကိုင်သူများထံက သိရသည်။
မင်းဘူးဒေသတွင် နာမည်ကျော်ကြားသည့် လေးပင်ရွာမှ ဆီးသီးမျိုးများကို မင်းဘူးမြို့နှင့် တစ်မိုင်ခန့်သာဝေးသည့် ကျောက်တန်းကျေးရွာတွင် စိုက်ပျိုးလျက်ရှိပြီး အရသာကောင်းမွန်မှုကြောင့် ပွဲတော်ကာလမဟုတ်သော်လည်း လက်လီရောင်းအား ကောင်းလျက်ရှိသည်။
“ရွှေစက်တော်ပွဲတော်ချိန်မှာ ဈေးဆိုင်တွေကို သွင်းရတယ်။ နဂါးပွက်တောင်ဈေးသည်တွေကလည်း ယူကြတယ်။ အခုကတော့ လက်လီပဲရောင်းရတာပေါ့။ လက်လီဆိုပေမယ့် ခူး(ဆွတ်)သမျှအကုန်ရောင်းရတယ်။ ဆီးသစ်တော်ကို စားဖူးတဲ့သူတွေက ကြိုက်ကြလို့ ခြံထဲထိ လာဝယ်ကြတယ်။ ဖောက်သည်ပေးပေး၊ ခြံထဲလာဝယ်ဝယ် တစ်ပြည်ကို ၁၀၀၀ ပဲ ရောင်းပါတယ်။ ကျွန်မတို့ခြံထဲမှာ ဆီးပင် ၂၀၀ လောက်စိုက်ထားတယ်။ ခုချိန်က တစ်ရက်ကို တစ်တင်းလောက်ခူးရတယ်။ တစ်လ ၄သိန်း လောက်တော့ ဝင်ငွေရှိတာပေါ့” ဟု ဆီးခြံလုပ်ငန်းလုပ်ကိုင်သူ မခက်ခက်ဝေ က ရှင်းပြသည်။
ဈေးကွက်ထဲတွင် အရွယ်အစားပိုကြီးသည့် ဆီးကြက်ဥအမျိုးအစားမှာ တစ်ပြည် ၈၀၀ ကျပ် ရောင်းချနေသော်လည်း ဆီးသစ်တော်သီးများကို နှစ်စဉ် တစ်ပြည် ၁၀၀၀ ကျပ် နှုန်းဖြင့် ရောင်းချလေ့ရှိကြောင်း၊ အွန်လိုင်းအသုံးပြု ရောင်းချ သူများက ဆီးသစ်တော်ကို တစ်ပြည် ၁၅၀၀ ကျပ်ထိ ရောင်းဝယ်မှုများရှိနေကြောင်း သိရသည်။
ဒီဇင်ဘာလတွင် ဆီးသီးမှည့်ချိန်စတင်ပြီး ဇန်နဝါရီလထဲတွင် အသီးများ တစ်ညီတစ်ညာတည်းမှည့်ကာ မတ်လကုန်ထိ ခူးဆွတ်ရောင်းချရကြောင်း၊ မတ်လကုန်မှစ၍ ဆီးပင်များကို ပင်ပျိုပြန်ဖြစ်စေရန် ခုတ်ထွင်ခြင်း၊ သီးကင်းများ ပြန်သီးလာချိန်မှစ၍ အသီးတင်ဆေးနှင့်ပိုးသတ်ဆေးဖျန်းခြင်းများ လုပ်ဆောင်ရကာ အခြားကုန်ကျစရိတ်များစွာမရှိကြောင်း စိုက်ပျိုးသူများထံက သိရသည်။
မင်းဘူး-ရွှေစက်တော် ကားလမ်းဘေးရှိ လေးပင်ဆီးသီးမှာ အရသာကောင်းမွန်ပြီး နှစ်လိုဖွယ်အသွင်အပြင် ရှိသောကြောင့် ဘုရားဖူးလာပြည်သူများ၏ အိမ်ပြန်အမှတ်တရအဖြစ် မဖြစ်မနေဝယ်ယူကြသော ဒေသတွင်းစားသောက်ကုန် တစ်ခုဖြစ်ခဲ့ကြောင်း၊ မင်းဘူးဒေသတစ်ဝိုက်တွင် ဆီးကြက်ဥ၊ ဆီးပန်းသီး၊ ဆီးသစ်တော် နှင့် လေးပင်ဆီးသီး ဟု ခေါ်သည့် ဆီး သစ်တော်မျိုးများကို စိုက်ပျိုးရောင်းချကြကြောင်း မင်းဘူးဒေသခံဦးကျော် ထံက သိရှိရသည်။
MDN